Monday, December 12, 2016

အမျိုးသမီးလူမဆန်ညှင်းပမ်း၊သားမယားကျင့်မှု - အောင်မင်္ဂလာအဝေးပြေးရှိ လတ်မှတ်အရောင်းဌာန

Akhaya Women Myanmar
အောင်မင်္ဂလာအဝေးပြေးရှိ လတ်မှတ်အရောင်းဌာနတစ်ခုတွင် အလုပ် လုပ်ကိုင်သည့် မ ...(၁၈)နှစ်သည် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့၊ နံနက် ၆ နာရီခန့်တွင် အလုပ်သွားရာမှ ညနေ နေအိမ်သို့ ပြန်ရောက်လာခြင်း မရှိသဖြင့် သူမ၏ မိသားစုမှလိုက်လံစုံစမ်းခဲ့ရာ ဦး...(၃၂) နှစ် ဆိုသူက သူမအား ခိုးယူပြီး၎င်း၏နေအိမ်တွင် သူမ၏ခြေထောက်အား သံကြိုးနှင့် ချုပ်နှောင်ပြီး အလိုမတူဘဲ သားမယားပြုကျင့်ခြင်း၊ လက်သီးနှင့်ထိုးနှက်ခြင်း၊ စတီးဓါးဖြင့် ဆွဲခြစ်ခြင်း၊ ကြက်မွေး လက်ကိုင်ရိုးဖြင့် ရိုက်နှက်ခြင်း၊ ပျဉ်ပြားဖြင့် ရိုက်နှက်ခြင်း၊ ဆံပင်များအား မညီမညာညှပ်ပစ်ခြင်းအပြင် တရားခံ၏ နေအိမ်တွင် (၁) လခန့် သော့ခတ်ပိတ်လှောင်ထားခဲ့သည်။ ယင်း ဖြစ်စဉ်နှင့် စပ်လျဉ်း၍ အရေးယူပေးပါရန် မ…၏ မိခင်ဖြစ်သူမှ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီရဲစခန်းသို့ တိုင်တန်းခဲ့သည်။
ယင်းအမှုအား မြောက်ဥက္ကာလပတရားရုံး၊ တွဲဖက်မြို့နယ်တရားသူကြီး မှ ပြစ်မှု ပုဒ်မ (၃၆၅/၃၂၃) ဖြင့် စွဲချက် တင်ဆိုခဲ့ပြီး အမှုတွဲအမှတ် ပြစ်မှုကြီး (၁၇၈၉/၂၀၁၅) ဖြင့် ၂၀၁၅ နိုဝင်ဘာလ ၂၀ ရက်မှ ၂၀၁၆ စက်တင်ဘာလ ၁၅ ရက်နေ့အထိ ရုံးချိန်းပေါင်း ၃၀ ခု ဖြင့် တရားလိုပြ သက်သေရှစ်ဦးနှင့် တရားခံပြ သက်သေ နှစ်ဦးတို့ကို စစ်ဆေးခဲ့ပြီး အပြီးသတ်စီရင်ချက်ကို မြောက်ဥက္ကာပမြို့နယ်တရားရုံးမှ ၂၀၁၆ စက်တင်ဘာလ ၁၅ ရက်တွင် တရားခံအား ရာဇသတ်ကြီးပြစ်မှု ပုဒ်မ ၃၆၅ (လူကို လျှို့ဝှက်စွာ မတရားသဖြင့် ချုပ်နှောင်ထားရန်အကြံဖြင့် ခိုးယူမှု သို့မဟုတ် ချုပ်နှောင်မှု)၊ ရာဇသတ်ကြီးပုဒ်မ ၃၂၃ (သာမန် နာကျင်စေမှု) ဖြင့် ပြစ်ဒဏ်နှစ်ရပ်ကို တစ်ပေါင်းထဲကျခံစေရန် အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
အမိန့်ချမှတ်သည့်နေ့တွင် တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်း၊ ဟစ်တိုင်၌ အမှု၏ ပြစ်မှုနှင့် ပြစ်ဒဏ်သည် မျှတမှုမရှိသဖြင့် အမျိုးသမီးအရေး တက်ကြွလုပ်ရှားသူအဖွဲ့များမှ ဦးဆောင်ပြီး အကြမ်းဖက်ခံရသူ အမျိုးသမီး ငယ်လေး၏ ဘ၀ပျက်စီးဆုံးရှုံးမှုနှင့် ထိရောက်ကိုက်ညီသော အပြစ်ဒဏ်စီရင်မှု နှင့် အကြမ်းဖက်ခံရခြင်းများ အတွက် ဥပဒေအကာအကွယ် ပေးပေးပါရန် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။
ယင်းစီရင်ချက်နှင့် စပ်လျဉ်း၍ တရားလိုဘက်မှ ကျေနပ်မှုမရှိပါသဖြင့် ကာယကံရှင် အမျိုးသမီးငယ်ကိုယ်တိုင်နှင့် ဤအမှုနှင့်သက်ဆိုင်သူ တရားဥပဒေရေးရာ ရှေ့နေ၊ အကြံပေး နှင့် အမျိုးသမီးများကွန်ယက်မှ တာဝန်ရှိသူများ၊ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူများမှ စက်တင်ဘာလ ၂၄ရက်နေ့ ရန်ကုန်မြို့၊ ယုဇနဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ပြုလုပ်ခဲ့ပြီး တက်ရောက်လာကြသူများ၊ စိတ်ပါဝင်စားသူများနှင့် မီဒီယာများမှ မေးခဲ့သော မေးခွန်းများကို ကာယကံရှင် ကိုယ်တိုင်နှင့် သူမ၏ ဥပဒေရေးရာ အရာရှိ Legal Clinic Myanmar၊ ၊ အမျိုးသမီးများ ကွန်ယက်မြန်မာ Won Myanmar မှ ကိုယ်စားလှယ်နှင့် အခရာအမျိုးသမီးအဖွဲ့မှ တာဝန်ရှိသူမှ သက်ဆိုင်ရာမေးခွန်းများကို ဖြေဆိုပေးကြခဲ့သည်။

No comments:

Post a Comment