Monday, December 12, 2016

ဒေါ်အောင်ဆန်းစုကြည် - အဖြေ၊ လက်ရှိကာလတွင် သက်ငယ်မုဒိမ်းမှု အဖြစ်များပြားလာခြင်းနှင့်ပတ်သက်၍ -



News Watch
ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူရောက် မြန်မာလူထုတွေ့ဆုံပွဲ အမေးအဖြေကောက်နုတ်ချက်
------ ------ ------ ------ ------
မေးခွန်း(၁)
လက်ရှိကာလတွင် သက်ငယ်မုဒိမ်းမှု အဖြစ်များပြားလာခြင်းနှင့်ပတ်သက်၍ -
ဖြေ- အဲ့ဒီကိစ္စဟာ ကျွန်မတို့ဟာ ဥပဒေနဲ့ဆိုင်တဲ့ကိစ္စလည်း ဖြစ်ပါတယ်။ လူမှုရေးနဲ့ဆိုင်တဲ့ကိစ္စလည်း ဖြစ်ပါတယ်။ ဒါတဖက်က ဥပဒေရေးရာဆိုလို့ရှိရင် ဒီအမှုတွေအတွက် ဘယ်လိုပုံစံနဲ့ ဥပဒေအရ အရေးယူ ရမလဲဆိုတာဟာ နောက်ဆုံးကျတော့ လွှတ်တော်က ဆုံးဖြတ်ရမှာပါ။ ဒါပေမဲ့ ဒါလူမှုရေးကိစ္စတခုလည်း ဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုသက်ငယ်တွေကို မုဒိမ်းကျင့်တဲ့ပြုတဲ့အမှုတွေ ဘာလို့ဒီလောက်များနေတာလဲ။ ကျွန်မတို့ရဲ့ လူမှုအသိုင်းအ၀ိုင်းမှာ ဘာအားနည်းချက်တွေရှိလဲဆိုတာ ကျွန်မတို့ပြန်ပြီးတော့ ကြည်ဖို့လိုတယ်။ ဒါဟာ မိသားစုစနစ်နဲ့ဆိုင်လား၊ ကလေးတွေကို သေသေချာချာမစောင့်ရှောက်တာနဲ့ဆိုင်လား၊ ပတ်ဝန်းကျင်က စိတ်ထားတွေကြမ်းတမ်းလာတာလား။ ကြမ်းတမ်းလာတာဆိုရင် ဘာကြောင့်လဲ။ မူးယစ်ဆေးဝါးကြောင့်ဖြစ်တာလား၊ ဒါမှမဟုတ် အခု ခေတ်မှာဆိုရင် အမြဲကြည့်လို့ရတဲ့အမျိုးမျိုး ဗီဒီယိုတွေ ဘာတွေကြည့်၊ စာအုပ်တွေဘာတွေဖတ်ပြီးတော့ စိတ်တွေက မငြိမ်မသက်ဖြစ်လို့လား။ အဲ့ဒါကို ကျွန်မတို့က အကြောင်းရင်းကိုရှာရပါမယ်။ ပြဿနာတခုကို ဖြေရှင်းချင်လို့ရှိရင် ဘာကြောင့် ဒီပြဿနာပေါ်ထွက်လာလဲဆိုတာ ကျွန်မတို့ ရှာရမှာဖြစ်ပါတယ်။ အဲ့ဒါကို ကျွန်မတို့ လူမှုရေးဘက်ကနေပြီးတော့ လေ့လာပါမယ်။ ဥပဒေတွေထုတ်ရုံနဲ့ မလုံလောက်ပါဘူး။ ဥပဒေက ဥပဒေအရ အရေးယူတာက သတ်သတ်ပါ။ ဒါနဲ့တင်မပြီးပါဘူး။ တကယ် ကျွန်မတို့လုပ်ရမှာက ဒီလိုကိစ္စတွေအဖြစ်ကို ကျွန်မတို့က အမြစ်ကနေလှန်ပစ်လိုက်ရမှာပါ။
အမြစ်ပြတ်အောင် ဘယ်လိုလုပ်ရမလဲ။ စောစောက ပြောသလို ဘာကိစ္စပဲဖြစ်ဖြစ် နိုင်ငံတနိုင်ငံမှာ အောင် မြင်အောင်လုပ်လို့ရှိရင် အားလုံးမှာ တာဝန်ရှိပါတယ်။ ပတ်ဝန်းကျင်မှာ တာဝန်ရှိပါတယ်။ ရပ်ကွက်မှာ တာဝန်ရှိပါတယ်။ မိဘတွေမှာ တာဝန်ရှိပါတယ်။ မိဘတွေကလည်း သူတို့ သားသမီးတွေလုံခြုံအောင်လို့ အစီအစဉ်တွေမလုပ်နိုင်ဘူးလား။ ဘာ့ကြောင့်မလုပ်နိုင်လဲ။ မလုပ်နိုင်လို့ရှိရင် အစိုးရက ဘယ်လိုပုံစံနဲ့ ဖြည့်ဆည်းပြီးတော့ အကူအညီပေးရမလဲ။ ကလေးထိန်းဖို့ ကလေးထိန်းဌာနတို့ စသဖြင့်ပေါ့နော်။ ဒီလိုနေရာတွေပိုပြီးတော့ လိုလို့လား။ ပတ်ဝန်းကျင်ကရော ဂရုမစိုက်ဘူးလား။ ဒါအမျိုးမျိုး ကျွန်မတို့စဉ်းစားရမှာ ဖြစ်ပါတယ်။ အဲဒီတော့ အဖြေတခုတည်းမရှိပါဘူး။ အချို့ကတော့ ဘာဖြေစေချင်လဲ ဆိုတော့ ဒီလိုရာဇ၀တ်မှုကျူးလွန်တဲ့သူတွေကို အပြစ်ဒဏ်ကြီးကြီးမားမား ကြီးပေးရမယ်ပေါ့နော်။ ဒါပဲပြောနေတယ်။ ဒါတခုတည်းနဲ့ မလုံလောက်ပါဘူး။ ဒါလည်း လိုအပ်သလို ပြစ်ဒဏ်ဟာ ကြီးသလောက် ကြီးဖို့တော့ လိုပါတယ်။ လူမှုရေးအရ ဒီလိုကိစ္စတွေမဖြစ်ပေါ်အောင်ကတော့ ကျွန်မတို့ အားလုံးဝိုင်းပြီးတော့ အဖြေရှာရမှာ ဖြစ်ပါတယ်လို့ ပြောပါရစေ။

https://www.facebook.com/groups/163885757140406/



No comments:

Post a Comment