အမျိုးသား လူ့အခွင့်အရေး ကော်မရှင် နုတ်ထွက်သင့်လား
လက်ရှိ လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ သတင်းကတော့ အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင်တွေက အိမ်အကူ မိန်းကလေးငယ် နှစ်ဦးကို လူမဆန်စွာ နှိပ်စက်ညှဉ်းပန်းခဲ့တဲ့ သတင်းပဲ ဖြစ်ပါတယ်။
ဒီလို အိမ်အကူ မိန်းကလေး နှစ်ယောက်ကို လူမဆန်စွာ နှိပ်စက်ခံရမှုအပေါ် လူတိုင်းက ကရုဏာသက်ခဲ့ကြသလို နှိပ်စက်ခဲ့တဲ့ အင်းဝအပ်ချုပ်ဆိုင်က မိသားစုကိုလည်း ဥပဒေအတိုင်း ထိရောက်စွာ အရေးယူစေချင်ကြပါတယ်။
ဒါပေမဲ့ ဒီအမှုက ပြည်သူတွေ ဖြစ်စေချင်သလို ဖြစ်မလာခဲ့ပါဘူး။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မတီကနေ ကြားဝင်စေ့စပ်ပေးမှုကြောင့် လူမဆန်စွာ နှိပ်စက်ခံခဲ့ရတဲ့ အိမ်အကူ မိန်းကလေး နှစ်ယောက်ရဲ့ မိသားစုဟာ နစ်နာကြေး ကျပ်သိန်း ၅၀ နဲ့ ကျေအေးခဲ့ရပါတယ်။
အဲဒီလို ဖြစ်ပျက်ခဲ့တာကြောင့် ဒီအမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အပေါ် ပြည်သူတွေက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။ ပြည်သူတွေ အနေနဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အပေါ် ဘာကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါသလဲ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အခန်း ၈ နိုင်ငံသားများ၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များမှာပါတဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို မကာကွယ် မစောင့်ရှောက်တဲ့ အပေါ်မှာ ပြည်သူတွေက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့တာ ဖြစ်ပါတယ်။
အများပြည်သူတွေအကြား ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာပြီးနောက် စက်တင်ဘာ ၂၀ ရက် နေ့လယ်ပိုင်းက မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးကနေ တရားလိုပြုလုပ်ပြီး အမှုဖွင့်ခဲ့ပါတယ်။ ဒီလို အမှုဖွင့်ရာမှာတော့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှူး (ရန်ကုန်) ဒုရဲမှူး မျိုးသိန်းက တရားလို ပြုလုပ်ပြီး နှိပ်စက်ညှဉ်းပန်းမှုကို ပြုလုပ်ခဲ့တယ် ဆိုတဲ့ ကျောက်တံတားမြို့နယ်ရှိ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာ အပါအ၀င် အခြားတစ်ဦးကို လူကုန်ကူးမှု တားဆီးရေး ဥပဒေနဲ့ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။
အမှုဖွင့်ပြီးနောက်ပိုင်း ပြစ်မှုကျူးလွန်သူတွေကို ရဲတပ်ဖွဲ့ကနေ လိုက်လံဖမ်းဆီးရာမှာ ဒေါ်တင်သူဇာ၊ တင်မင်းလတ်၊ စုမွန်လတ်၊ ဦးကိုလတ်၊ ရာဇာထွန်း ငါးဦးကို ဖမ်းဆီးရမိခဲ့ပြီး သီရိလတ်ကတော့ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။ ဖမ်းမိတဲ့ ငါးဦးကို စက်တင်ဘာ ၂၃ ရက်က အနောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး တရားစွဲဆိုခဲ့ပါတယ်။ ဒေါ်တင်သူဇာနဲ့ ကျန်သူတွေကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄/၂၉/၃၂ တို့နဲ့ တရားစွဲဆိုထားပြီး မစုမွန်လတ်ကိုတော့ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၂၉/၃၁ ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ တို့နဲ့ တရားစွဲဆိုထားပါတယ်။ သီရိလတ်ကို ဖမ်းဆီးမရသေးတာကြောင့် တရားခံပြေးအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ဒါ့ပြင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ပြစ်မှုကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူနိုင်ရေးအတွက် လူမှုဝန်ထမ်း ဦးစီးဌာနမှ တရားလိုပြုလုပ်ပြီး ကလေးသူငယ် ဥပဒေပုဒ်မ ၆၆ (ဃ) အရ တရားစွဲဆိုထားပြီး ဖြစ်ပါတယ်လို့ ရေးသားထားပါတယ်။
“ဒီသတင်းကိုကြားတော့ ကျွန်တော် တော်တော်ကြီးကို ထိတ်လန့်သွားတယ်။ ဘာကြောင့်လဲဆိုတော့ တကယ့်ကို ရက်ရက်စက်စက် လူမဆန်စွာ လုပ်ဆောင်မှု ဖြစ်တယ်။ ကျွန်တော်က လူ့အခွင့်အရေးသမား ဆိုတော့ လူ့အခွင့်အရေး ရှုထောင့်အရ ပြောမယ်ဆိုလို့ရှိရင် ဒါက တကယ့်ကို လူမဆန်သော ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးကို ချိုးဖောက်မှု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ ရာဇသတ်ကြီး ပုဒ်မကို ချိုးဖောက်တာ ဖြစ်သလို ကလေးဥပဒေမှာ ပါထားတဲ့ အချက်တွေကိုလည်း ချိုးဖောက်တာဖြစ်တဲ့အတွက် အခွင့်အရေး ရှုထောင့်ကလည်း လက်မခံနိုင်သလို ဥပဒေအရ တကယ့်ကို ဆိုးရွားသော ရာဇ၀တ်မှု ကျူးလွန်ခြင်း ဖြစ်တယ်လို့ ကျွန်တော် သုံးသပ်မိပါတယ်။ အရေးကြီးဆုံးက ချိုးဖောက်မှုဖြစ်ရင် ဘယ်သူတွေ ဘာလဲဆိုတာ ငွေကြေးအရ ကြည့်တာ မဟုတ်ဘဲနဲ့ ထိရောက်သော အရေးယူမှုတွေရှိဖို့ လိုအပ်တယ်။ ဒါမှသာ ကလေးတွေ ဘ၀လုံခြုံမှာ ဖြစ်တယ်။ တရားရေး ဆိုင်ရာကိုလည်း အရေးယူတဲ့ အခါမှာ စီရင်မှုကောင်းရင် လူတွေက အားကိုးလာမှာ ဖြစ်ပါတယ်” လို့ Equality Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဆိုပါတယ်။
■ အမှု ဖြစ်စဉ်
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်မှာရှိတဲ့ ရှာဘွားကျေးရွာအုပ်စု ဘောလုံးကွင်းကျေးရွာက အသက် (၁၇ နှစ်) အရွယ် မစန်းကေခိုင်နဲ့ အသက် (၁၆ နှစ်)အရွယ် မသဇင်တို့ နှစ်ဦးဟာ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက ကျောက်တံတားမြို့နယ်မှာရှိတဲ့ အင်းဝ အပ်ချုပ်ဆိုင်မှာ အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
နှိပ်စက်ခံခဲ့ရသူ နှစ်ဦးထဲက အသက် ၁၇ နှစ် အရွယ် မစန်းကေခိုင်ဟာ မိခင်ဖြစ်သူနဲ့ နေထိုင်ပြီး ဖခင်ဖြစ်သူက ပြည်ပမှာ သွားရောက် အလုပ်လုပ်ကိုင်နေသူတစ်ဦး ဖြစ်ပါတယ်။ အသက် ၁၆ နှစ်အရွယ် မသဇင်ဟာ မိဘနှစ်ဦးစလုံး မရှိတော့ဘဲ အဒေါ်ဖြစ်သူနဲ့ နေထိုင်ရသူ ဖြစ်ပါတယ်။ မပြည့်စုံမှုတွေကြောင့် ရန်ကုန်မြို့ကို တက်ရောက်ပြီး တစ်ဦးကို ငွေကျပ် နှစ်သောင်းနဲ့ အိမ်အကူ အလုပ်ကို လုပ်ကိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
မပြည်စုံမှုကို ဖြည့်တင်းဖို့ အိမ်အကူ လုပ်ခဲ့ကြပေမယ့်လည်း ပြင်းထန်တဲ့ နှိပ်စက်မှုတွေဖြစ်တဲ့ လက်ချောင်းတွေ ရိုက်ချိုးခံရမှု၊ နှာခေါင်းကို ဓားနဲ့ လှီးဖြတ်ခံရမှု စတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ခံခဲ့ရပါတယ်။ နှိပ်စက် အနိုင်ကျင့်ခံရမှုကို ကြုံတွေ့ရတဲ့အတွက် ကာယကံရှင် မိန်းကလေးနှစ်ဦးနဲ့ မိသားစုတွေဟာ စိုးရိမ်ကြောက်ရွံ့မှုတွေ ရှိနေပါတယ်။
“ကြောက်နေတာပေါ့နော်။ ကိုယ့်စိတ်ထဲမှာ လန့်ပြီးတော့ ဘာတွေ ပြောလို့ ပြောရမှန်းလည်း မသိတော့ဘူး” လို့ မသဇင်ရဲ့ အဒေါ်ဖြစ်သူ ဒေါ်အုန်းငွေက ဆိုပါတယ်။
အသက် ၁၇ နှစ်အရွယ် မစန်းကေခိုင်ဟာ လက်ချောင်း ၁၀ ချောင်းစလုံး အချိုးခံရတဲ့အထိ ဖြစ်ခဲ့ပြီး ညာလက်မောင်းပါ အချိုးခံခဲ့ရပါတယ်။ ဒါ့ပြင် မီးနဲ့အရှို့ခံရတဲ့ ဖြစ်စဉ်တွေကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။
အသက် ၁၆ နှစ်အရွယ် မသဇင်ကတော့ နှာခေါင်းကို ဓားနဲ့ အခုတ်ခံရတဲ့အထိ ညှဉ်းပန်းနှိပ်စက်မှုတွေကို ခံခဲ့ရပါတယ်။ ဒီလို နှိပ်စက် ညှဉ်းပန်းမှုတွေ ရှိခဲ့ပေမယ့် သူတို့ကို ကယ်တင်မယ့်သူ မဲ့ခဲ့ပါတယ်။ သူတို့ကို နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ ပတ်သက်ပြီး စတင် သတိပြုမိသူကတော့ Myanmar Now သတင်းဌာနမှာ သတင်းထောက်ချုပ် လုပ်ကိုင်နေသူ ကိုဆွေဝင်းပဲ ဖြစ်ပါတယ်။
ကိုဆွေဝင်းဟာ အိမ်အကူတွေ နှိပ်စက်ခံရတဲ့အကြောင်း ဆောင်းပါးရေးရာက အမျိုးသား တစ်ဦးက အင်းဝအပ်ချုပ်ဆိုင်မှာ အိမ်အကူတွေ ညှဉ်းပန်းနှိပ်စက်ခံမှုတွေ ရှိနေကြောင်း ဆက်သွယ်ပြောကြားခဲ့တာကြောင့် သွားရောက်စုံစမ်းတဲ့ အခါမှာ နှိပ်စက်ညှဉ်းပန်းမှုတွေ တကယ်ရှိနေတာကို တွေ့ခဲ့တာ ဖြစ်ပါတယ်။
အိမ်အကူ မိန်းကလေးတွေရဲ့ နှိပ်စက်ခံရမှုကို သိရှိခဲ့တဲ့ ကိုဆွေဝင်းဟာ ပြီးခဲ့တဲ့ လေးလလောက်က အဲဒီနှိပ်စက် ညှဉ်းပန်းမှုတွေနဲ့ ပတ်သက်လို့ ရဲစခန်းမှာ အမှုဖွင့် ခဲ့ပေမယ့် နှိပ်စက်မှု ကျူးလွန်သူတွေကို အရေးယူနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ အဲဒီလို အရေးယူမှု မရှိတဲ့အတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ထပ်ဆင့် တိုင်ကြားခဲ့တဲ့အပေါ် ကိုဆွေဝင်းက ခုလို ပြောပါတယ်။
“လူ့အခွင့်အရေး ကော်မရှင်က ဥပဒေအတိုင်းဖြစ်အောင် တည့်မတ်ပေးတဲ့ အဖွဲ့အစည်းတစ်ခု ဆိုတော့ အဲဒီ အဖွဲ့အစည်းက တစ်ဆင့် ရဲကို ဖိအားပေးပြီးတော့ ရဲက သေချာလေး ဖိဖိစီးစီး လုပ်အောင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျွန်တော်က လှမ်းတိုင်လိုက်တယ်။ တကယ်လည်း အဲဒီလို ပုံစံမျိုးတော့ ဖြစ်သွားပါတယ်။ ကော်မရှင်ကနေ ရဲကို လှမ်းပြီး စာပို့တယ်။ အဲဒီအခါကျမှ ရဲက ကျွန်တော့်ကို ပြန်ခေါ်တယ်။ ခေါ်ပြီးတော့မှ အမှု အစအဆုံး ပြန်မေးတယ်။ ကျွန်တော်ပြောတယ်။ ရဲကို၊ ခင်ဗျားတို့ကို ကျွန်တော် အားလုံး ပေးပြီးသွားပြီ။ အမှုတွေအားလုံး ဘယ်ရောက်သွားလဲ ဆိုတော့ သူတို့က ဘာမှ မပြောဘူး။ ကျွန်တော့်ကို အသစ်ပြန်ပေးပါ ဆိုပြီးတော့ အချက်အလက်တွေ ပြန်ပေးရတယ်” လို့ ကိုဆွေဝင်းက ဆိုပါတယ်။
အဲဒီနောက်မှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးကနေ ကိုဆွေဝင်းကို ဆင့်ခေါ်ခဲ့ပါတယ်။ နှစ်ဦးနှစ်ဖက် ညှိနှိုင်းဖို့ဆိုပြီး ခေါင်းတပ်ထားတဲ့ ပွဲကို ကိုဆွေဝင်းတစ်ယောက် သွားတက်ခဲ့ပါတယ်။
ဒီပွဲကို ကလေးငယ်နှစ်ဦးရဲ့ အုပ်ထိန်းသူတွေနဲ့ အင်းဝ အပ်ချုပ်ဆိုင်က ကလေးတွေရဲ့ အလုပ်ရှင် လေးဦးတို့ လာပါတယ်။ ဒါ့ပြင် ထွေအုပ်တို့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးတို့၊ ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့တို့အပြင် ကော်မရှင် အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဦးဇော်ဝင်း၊ ဦးဉာဏ်ဇော်၊ ဒေါ်မြမြတို့ပါ တက်ရောက်တယ်လို့ ကိုဆွေဝင်းက ပြောပါတယ်။
အဲဒီပွဲမှာ ရဲတပ်ဖွဲ့က အစီရင်ခံစာ တစ်စောင်ကို ဖတ်ပြခဲ့ပြီး အစီရင်ခံစာမှာ ကလေးငယ်တွေကို ကျွန်ပြုထားမှုနဲ့ ခေါင်းပုံဖြတ် နှိပ်စက်ခဲ့တာ ပေါ်လွင်တဲ့အတွက် ဥပဒေကြောင်းအရ အရေးယူသင့်တဲ့ အမှုဖြစ်ကြောင်း ရဲတပ်ဖွဲ့က အကြံပြု ကောက်ချက်ချထားပေမယ့် ကော်မရှင်က လျစ်လျူရှုခဲ့တယ်လို့ သိရပါတယ်။
“ဒါကို ဥပဒေအကြောင်းအရ အရေးယူသင့်တဲ့ အမှုပါလို့ ရဲတပ်ဖွဲ့က အကြံပြု ကောက်ချက်ချထားတဲ့ အစီရင်ခံစာ တစ်ခုကို ဖတ်ပြတယ်။ အဲဒီ အစီရင်ခံစာကို ဖတ်ပြီးတာနဲ့ တစ်ပြိုင်နက်တည်း ကော်မရှင်မှာရှိတဲ့ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းကနေပြီးတော့ ဥပဒေအတိုင်း လုပ်ဆောင်ပါဆိုတဲ့ ရဲတပ်ဖွဲ့ရဲ့ ဟာကို သူက ဘာမှ ဆက်မဆွေးနွေးတော့ဘဲနဲ့ နှစ်ဦးနှစ်ဖက် ကာယကံရှင်တွေဖြစ်တဲ့ အင်းဝအပ်ချုပ်ဆိုင်က ပိုင်ရှင်တွေရယ်၊ နောက်ပြီးတော့ ကလေးမိဘတွေရယ် ညှိနှိုင်းကြပါလို့ ပြောတဲ့အခါမှာ ကျွန်တော်က ထပြီး ကန့်ကွက်တယ်။ ရဲတပ်ဖွဲ့ရဲ့ အကြံပြုချက်အတိုင်း ဥပဒေအတိုင်း လုပ်ဆောင်ပါလို့ ကျွန်တော်က ထပြောပါတယ်။ ဒီလိုပြောတာကို ကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်းက ကျွန်တော်က ကာယကံရှင် မဟုတ်တဲ့အတွက် ကျွန်တော့်ကို ဆက်ပြီး ပေးမပြောခိုင်းဘဲနဲ့ ကလေးမိဘတွေကို ပြောခိုင်းတယ်” လို့ ကိုဆွေဝင်းက ဆိုပါတယ်။
အဲဒီ အချိန်မှာ အမှုကို ကျူးလွန်ထားတဲ့ အပ်ချုပ်ဆိုင် ပိုင်ရှင်တွေက ဒီအမှုနဲ့ ပတ်သက်ပြီးတော့ တစ်ချက်ကလေးမှ တောင်းပန်ခြင်း၊ ၀မ်းနည်းကြောင်း စကားပြောကြားခြင်း မရှိဘဲနဲ့ သူတို့ဘက်က ငွေဘယ်လောက် ပေးရမလဲ ဆိုတဲ့ လမ်းကြောင်းကို ဦးတည်လာတယ်လို့ ကိုဆွေဝင်းက ဆက်လက်ပြောပါတယ်။ ကိုဆွေဝင်း အနေနဲ့ ဒုတိယအကြိမ် ဆက်လက် ကန့်ကွက်ခဲ့ပေမယ့် ကလေးမိဘတွေကို ကော်မရှင်အဖွဲ့ဝင် တချို့က ဥပဒေအတိုင်း လုပ်မယ် ဆိုပါက ဒုက္ခရောက်မှာ ဖြစ်ကြောင်းနဲ့ တောကနေ မြို့တက်ပြီး ရုံးချိန်းတွေနဲ့ အခက်အခဲ တွေ့လိမ့်မယ်ဆိုတဲ့ ပုံစံမျိုး စကားလမ်းကြောင်းလာတဲ့အတွက် ညနေ ၃ နာရီ၊ ၄ နာရီလောက်မှာ ကလေးမိဘတွေက ငွေကြေးနဲ့ပဲ ကျေအေးလိုက်ရတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ မသဇင်ရဲ့ အဒေါ်ဖြစ်သူ ဒေါ်အုန်းငွေက “တစ်ခါမှလည်း အတွေ့အကြုံက မရှိ၊ ကိုယ်တွေကလည်း လူကြီးအိမ်တောင် ရောက်ဖူးတာ မဟုတ်ဘူး” လို့ ဆိုပါတယ်။
“လက် ၁၀ ချောင်း ရိုက်ချိုးခံရတယ်။ လက်မောင်းလည်း ရိုက်ချိုးခံရတယ်ဆိုတဲ့ ကလေးအတွက် ဆိုပြီးတော့ သုံးနှစ်တာ လုပ်အားခတွေ အားလုံး အပါအ၀င် သိန်း ၄၀ နဲ့ သတ်မှတ်လိုက်တယ်။ ပြီးတော့ မီးလောင်ဒဏ်ရာ၊ ဓားဒဏ်ရာတွေ ရရှိခဲ့တဲ့ ကလေးအတွက် လုပ်အားခတွေ အပါအ၀င် ၁၀ သိန်းဆိုပြီး သတ်မှတ်လိုက်တယ်။ တကယ့်တကယ် တွက်ကြည့်မယ်ဆိုရင် သတ်မှတ်လိုက်တဲ့ နစ်နာကြေးက ဒီထက်ပိုပြီးတော့ များနိုင်တယ်။ ကလေးမိဘတွေက သင်္ချာတောင် မတွက်တတ်ဘူး။ ငွေတောင် မရေတွက်တတ်တဲ့ မိဘတွေ၊ ဒီမိဘတွေက ဘယ်လိုတောင်းလို့ ဘယ်လိုပြောရမှန်းလည်း မသိဘူး” လို့ ကိုဆွေဝင်းက အဲဒီနေ့က သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို စီကာပတ်ကုံး ပြန်လည်ပြောပြပါတယ်။
■ ကော်မရှင်ရဲ့ ရှင်းလင်းပွဲ
ဒီလို နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆွေးနွေးပွဲမှာ လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်ခံ အိမ်အကူ မိန်းကလေး နှစ်ယောက်အတွက် နစ်နာကြေး သိန်း ၅၀ နဲ့ ကျေအေးပေးလိုက်ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အပေါ် ပြည်သူတွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။
ဝေဖန်မှုတွေအပေါ် ကော်မရှင်ဘက်ကနေ စက်တင်ဘာ ၂၂ ရက်က မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံးမှာ ရှင်းလင်းပွဲ တစ်ရပ်ကို မီဒီယာတွေနဲ့ ပြုလုပ်ခဲ့ပါတယ်။
ဒီရှင်းလင်းပွဲမှာ ဖြစ်စဉ် စဖြစ်ချိန်က စလို့ ညှိနှိုင်းမှု ပြီးဆုံးတဲ့ အထိ ကော်မရှင် အဖွဲ့ဝင်တွေ အနေနဲ့ ညှင်းပန်းနှိပ်စက်ခံရတဲ့ မိန်းကလေးငယ် နှစ်ယောက်ကို တွေ့ဆုံခြင်း မရှိခဲ့ဘူးလို့ ကော်မရှင်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဇော်ဝင်းက မီဒီယာတွေရဲ့ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့ပါတယ်။
နစ်နာကြေး သိန်း ၅၀ ကိစ္စနဲ့ ပတ်သက်လို့လည်း ဦးဇော်ဝင်းက “သိန်း ၅၀ က ကျွန်တော်တို့က ဆွေးနွေးတာ မဟုတ်ဘူး။ သူတို့ ကျေနပ်လို့ သူတို့တောင်းတာ။ ကျွန်တော်တို့က မပြောဘူး။ သူတို့ဟာသူတို့ ဆွေးနွေးတာ။ သူတို့ဟာ သူတို့ လုပ်ထည့်လိုက်တာပါ။ ခုန မှတ်တမ်းရေးထားတာကိုလည်း ပြပြီးပါပြီ” လို့ ဖြေကြားခဲ့ပါတယ်။
ညှိနှိုင်းဆောင်ရွက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ကော်မရှင်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဒေါ်သန်းနွဲ့က ညှဉ်းပန်းနှိပ်စက်ခံရတဲ့ မိန်းကလေးငယ် နှစ်ဦးအတွက် ဆေးကုသစရိတ် ရရှိဖို့ နစ်နာကြေးရအောင် ဆောင်ရွက်ခဲ့တာဖြစ်ပြီး တရားရေးကို ပိတ်လိုက်တာ မဟုတ်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။
“Criminal ကြောင်းနဲ့ သွားနိုင်တဲ့ လမ်းကြောင်းကို ပိတ်မထားပါဘူး။ အခုန လျော်ကြေးပေးတဲ့ ဆိုတဲ့ စာထဲမှာလည်း တရားမစွဲဘူးဆိုတဲ့ ဟာလည်း မပါပါဘူးလို့ ဆရာမ လေ့လာကြည့်တာလေ။ ဒါ့ကြောင့် Criminal ကြောင်းဟာ တစ်သက်လုံး ရှင်နေပါတယ်။ လုပ်လို့ ရပါတယ်။ ခုဟာလေးကတော့ Criminal ကြောင်းနဲ့ သွားရင် ကလေးတွေ မရနိုင်မယ့် သူတို့ရဲ့ ကုစားပုံတွေဘက်ကို သူတို့ရဲ့ ရှုထောင့်ဘက်ကနေ ရှာပေးလိုက်တာပါလို့ ဆရာမ ပြောချင်ပါတယ်” လို့ ဒေါ်သန်းနွဲ့က ဆိုပါတယ်။
ဒီပွဲကို တက်ရောက်လာတဲ့ အမျိုးသမီးအရေး ဆောင်ရွက်နေသူ ဒေါ်ခင်လေးက ကော်မရှင်ရဲ့ လုပ်ရပ်အပေါ် သူ့အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်။
“လူ့အခွင့်အရေး ကော်မရှင်ရဲ့ တာဝန်နဲ့ ၀တ္တရားထဲမှာ ကာကွယ်မယ်၊ မြှင့်တင်မယ်ဆိုတဲ့ နေရာမှာ ခုနက ဆရာပြောသွားတယ် ကိုပါကြီးအမှု ဆိုပြီးတော့ ထပ်ခါတလဲလဲ ပြောသွားပါတယ်။ ကိုပါကြီး အမှုနဲ့ ဒီအမှုနဲ့က လုံးဝ မတူပါဘူးရှင့်။ ဒီအမှု ဆိုတာက မျက်နှာမွဲ ကလေးတွေ ဖြစ်ပါတယ်။ ကိုပါကြီး အမှုတုန်းကတော့ ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်ခဲ့ပြီးတော့ ဒီအမှုကျတော့ လာတဲ့အထိ စောင့်နေပြီးတော့ လာတဲ့အခါ ဖြေရှင်းတယ် ဆိုတော့ ကျွန်မတို့ စိတ်ထဲမှာ နစ်နာသူ ဘက်ကနေပြီးတော့ မတရားဘူးလို့ ယူဆပါတယ်။ ဆရာတို့ သဘောထား ကွဲလွဲလို့ ရပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ အမျိုးသမီးတစ်ယောက် အနေနဲ့ အမျိုးသမီးငယ်တွေဘက်က ဆွေးနွေးတာပါ။ အကယ်၍ Promote၊ Production ပါတယ်ဆိုရင် ဆရာတို့က လူ့အခွင့်အရေး ပညာပေးတွေ အများကြီး လုပ်နေတာ သိပါတယ်။ ဒါပေမဲ့ လုပ်နေတာတွေသည် သွားပြီးတော့ သင်တန်းပေးတာတွေ၊ ဟောပြောတာတွေ ဖြစ်ပါတယ်။ လာခဲ့တဲ့ နစ်နာသူတွေ ဘက်ကိုရော၊ တရားခံဖြစ်တဲ့ အင်းဝ စက်ချုပ်ဆိုင် မိသားစုတွေ ဘက်ကိုရော လူ့အခွင့်အရေးက ဘယ်လိုရှိတယ်။ အမျိုးသမီးငယ် မိသားစုတွေဟာ မျက်နှာမွဲတွေ ဖြစ်ပါတယ်။ ဥပဒေကြောင်းကိုလည်း လုံးဝ နားမလည်တဲ့ အခါမှာ ဆရာတို့ အနေနဲ့ ရှေ့နေတွေ၊ တရားဥပဒေအရ နားလည်တဲ့ သူတွေ၊ ဆရာဝန်တွေ၊ အမျိုးသမီးရေးရာ၊ ဥပဒေကြောင်းကိုလည်း လုံးဝ နားလည်တဲ့သူတွေ မဟုတ်တဲ့အတွက် ဆရာတို့ အနေနဲ့ ရှေ့နေတွေ၊ တရားဥပဒေအရ နားလည်တဲ့ သူတွေ၊ ဆရာဝန်တွေ၊ အမျိုးသမီးရေးနဲ့ ပတ်သက်ပြီး ကလေးသူငယ်ရေးနဲ့ ပတ်သက်ပြီးတော့ လှုပ်ရှားနေတဲ့ သူတွေနဲ့ တွေ့ခွင့်သာပေးပြီး ဆွေးနွေးလိုက်မယ်ဆိုရင် ဆရာတို့ လူ့အခွင့်အရေး ကော်မရှင်ရဲ့ အခန်းကဏ္ဍက ဒီနေရာမှာ အရမ်းလှသွားမယ်လို့ ယူဆပါတယ်” လို့ ဒေါ်ခင်လေးက ဆိုပါတယ်။
စက်တင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့တဲ့ ကော်မရှင်ရဲ့ ရှင်းလင်းပွဲကို ကြည့်မယ်ဆိုရင် အချက် သုံးချက်ကို တွေ့ရမှာပါ။ ဒီအချက်တွေကတော့ နစ်နာကြေးနဲ့ ပတ်သက်လို့ ကော်မရှင်က ညှိနှိုင်းပေးတာ မဟုတ်ဘူး။ ကော်မရှင် အနေနဲ့ စေတနာ၊ မေတ္တာအပြည့်နဲ့ ပြုလုပ်ပေးခဲ့တာ ဖြစ်တယ်။ အဲဒီ အပေါ်မှာ ကော်မရှင် အနေနဲ့ ဘာမှ တာဝန်မရှိဘူးဆိုတဲ့ အချက်သုံးချက်ကိုပဲ ကော်မရှင် အဖွဲ့ဝင်တွေက လှည့်ပတ်ပြောဆို ဖြေကြားခဲ့တာကို တွေ့ရပါတယ်။
■ ကော်မရှင် ဘာမှားခဲ့လဲ
လက်ရှိ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို သမ္မတဟောင်း ဦးသန်းစိန် လက်ထက် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်က စတင်ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတ အနေနဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့နဲ့ ညှိနှိုင်းပြီး ရွေးချယ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှာ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ အဖွဲ့ဝင် ၁၁ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေကို ၂၀၁၄ ခုနှစ် မတ် ၂၈ ရက်က ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။ ဒီဥပဒေရဲ့ ပုဒ်မ ၁၂ (က)အရ “ကော်မရှင် ဥက္ကဋ္ဌကို ပြည်ထောင်စုဝန်ကြီးအဆင့်အဖြစ် လည်းကောင်း၊ ဒုတိယ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ဒုတိယ၀န်ကြီး အဆင့်အဖြစ် လည်းကောင်း သတ်မှတ်သည်” လို့ ပြဋ္ဌာန်းထားပါတယ်။
ပုဒ်မ ၁၂(ခ) အရ “ပုဒ်မခွဲ(က) နှင့်အညီ သတ်မှတ်သော အဆင့်အတန်းနှင့် လျော်ညီသည့် ချီးမြင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များကို ခံစားခွင့် ရှိစေရမည်” လို့ ပြဋ္ဌာန်းထားတာကြောင့် ကော်မရှင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေဟာ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးတွေရဲ့ ခံစားခွင့်အတိုင်း ခံစားနေကြရတာပါ။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေရဲ့ အခန်း ၂ ရည်ရွယ်ချက်များမှာပါတဲ့ ပုဒ်မ ၃ (က) အရ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလ အခွင့်အရေးများကို ပိုမို၍ ကာကွယ်စောင့်ရှောက်နိုင်ရန်” ဆိုပြီး ပြဋ္ဌာန်းထားတဲ့အတွက် ကော်မရှင်အနေနဲ့ ဖွဲ့စည်းပုံပါ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးတွေကို ပိုမိုပြီး ကာကွယ်စောင့်ရှောက်ရမယ့် တာဝန် ရှိလာပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၈ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးများနှင့် တာဝန်များမှာ ပါဝင်တဲ့ ပုဒ်မ ၃၅၈ အရ “နိုင်ငံတော်သည် ကျေးကျွန်ပြုမှုနှင့် လူကုန်ကူးမှုများကို တားမြစ်သည်” လို့ ပြဋ္ဌာန်းထားတာကို တွေ့ရပါတယ်။
ဒါ့ပြင် ပုဒ်မ ၃၅၉ မှာလည်း “နိုင်ငံတော်သည် ဥပဒေ ကျူးလွန်၍ ပြစ်ဒဏ်ပေးခြင်းကို ခံရသဖြင့် အလုပ်ဒဏ် ထမ်းဆောင်ခြင်းနှင့် အများပြည်သူ အကျိုးများ ဆောင်ရွက်ရန် နိုင်ငံတော်က ဥပဒေနှင့်အညီ တာဝန်ချမှတ်ထားခြင်းမှ တစ်ပါး အဓမ္မ စေခိုင်းခြင်းကို တားမြစ်သည်” လို့ ပြဋ္ဌာန်းထားပါတယ်။
အိမ်အကူ အမျိုးသမီးငယ်နှစ်ယောက် အနေနဲ့ ကျေးကျွန်ပြုခံရခြင်း၊ လူကုန်ကူးခံရခြင်းနဲ့ အဓမ္မ ခိုင်းစေခံရခြင်းတွေကို ကျူးလွန်ခံရတဲ့အပြင် လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်မှုကိုပါ ကြုံတွေ့ခဲ့ရတာကြောင့် အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၈ နဲ့ ၃၅၉ တို့ကို ပေါ်ပေါ်တင်တင် ချိုးဖောက်လိုက်တာကို တွေ့ရမှာပါ။
ဒီလို မြန်မာနိုင်ငံရဲ့ အမြင့်ဆုံး ဥပဒေဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ခဲ့တဲ့ သူတွေကို ကော်မရှင်က အရေးယူပေးဖို့ တစ်စုံတစ်ရာ တိုက်တွန်းတာ မရှိတဲ့ အပြင်မှာ ကော်မရှင် ရုံးခန်းမှာ ညှိနှိုင်းပေးပြီး ကျေအေးလိုက်တာကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေရဲ့ အခန်း ၂ ရည်ရွယ်ချက်များမှာပါတဲ့ ပုဒ်မ ၃ (က) အရ ဖွဲ့စည်းပုံပါ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးတွေကို ပိုမိုပြီး ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်မကျေခဲ့ဘူး ဆိုတာကို ကောက်ချက်ချလို့ ရပါတယ်။
“ကျွန်တော် တစ်ယောက်တည်းရဲ့ အမြင်နဲ့ကတော့ ကော်မရှင် အနေနဲ့ ဒီအမှုကို ဒီလို လုပ်တာမျိုးကတော့ ရှုတ်ချတယ်။ ဘာကြောင့်လဲ ဆိုတော့ ကလေးသူငယ် ဥပဒေအရ ဒီအမှုတွေက လုံးဝ ကျေအေးလို့ မရဘူး။ နောက်တစ်ခုက ကလေးနဲ့ ပတ်သက်တဲ့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း သုံးခုလုံးကို လက်မှတ်ထိုးထားတဲ့ နိုင်ငံ ဖြစ်တဲ့အတွက် လူ့အခွင့်အရေး ကော်မရှင်က ဒီကွန်ဗင်းရှင်းတွေကိုပါ လျစ်လျူရှုခဲ့တာ။ ကော်မရှင် လုပ်လိုက်တဲ့ အလုပ်က ဘယ်လောက် အန္တရာယ်များလဲ ဆိုရင် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းတွေနဲ့ ပတ်သက်လို့ လက်မှတ်ထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံ အဖြစ်ကတောင် ရပ်စဲခံရနိုင်တဲ့ အရမ်းအန္တရာယ်ကြီးတဲ့ လုပ်ခဲ့တာလို့ ကျွန်တော် စွပ်စွဲ အပြစ်တင်ချင်ပါတယ်” လို့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးအောင်လင်းက ဆိုပါတယ်။
ဒါ့ပြင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေရဲ့ အခန်း ၅ ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ ပါတဲ့ ပုဒ်မ ၂၂ ပုဒ်မခွဲ (ဃ) အရ “တိုင်တန်းချက် သို့မဟုတ် စွပ်စွဲချက်အရ ဖြစ်စေ၊ သတင်းအရ ဖြစ်စေ လူ့အခွင့်အရေး ဖောက်ဖျက်မှုဖြစ်ပွားကြောင်း သိရသည့် နေရာသို့ သွားရောက်စစ်ဆေးခြင်း” ဆိုပြီး ပြဋ္ဌာန်းထားတာကို တွေ့ရပါတယ်။
ဒီလို ကော်မရှင်ဥပဒေမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုနဲ့ ပတ်သက်လို့ ဖြစ်ပွားရာ နေရာကို သွားရောက်စစ်ဆေးရမယ်လို့ ပြဋ္ဌာန်းထားပေမယ့် အိမ်အကူ မိန်းကလေးငယ်နှစ်ယောက် လူမဆန်စွာ နှိပ်စက်ညှဉ်းပန်း ခံရမှုမှာ ဖြစ်စဉ် စဖြစ်ချိန်က စလို့ ညှိနှိုင်းမှု ပြီးဆုံးတဲ့အထိ ကော်မရှင်အဖွဲ့ဝင်တွေ အနေနဲ့ ညှဉ်းပန်းနှိပ်စက် ခံရတဲ့ မိန်းကလေးငယ် နှစ်ယောက်ကို တွေ့ဆုံခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် ကော်မရှင် အဖွဲ့ဝင်တွေ အနေနဲ့ ကော်မရှင်ရဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တယ် ဆိုတာဟာ လယ်ပြင်မှာ ဆင်သွားသလို ထင်းထင်းကြီး ပေါ်လွင်လှပါတယ်။
ဒါတင် မကသေးပါဘူး။ ကော်မရှင် အဖွဲ့ဝင်တွေ အနေနဲ့ စေတနာ၊ မေတ္တာထားလို့ ညှိနှိုင်းဆောင်ရွက်ပေးတယ် ဆိုတဲ့ ကိစ္စမှာလည်း ကော်မရှင် ဥပဒေ ပုဒ်မ ၃၄ အရ “ကော်မရှင်သည် တိုင်တန်းချက်နှင့် စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်ရာတွင် တိုင်တန်းချက်ပါ အကြောင်းခြင်းရာသည် ညှိနှိုင်း၍ ရနိုင်သော အလားအလာ ရှိသည်ဟု ယူဆပါက ညှိနှိုင်းဖြေရှင်းသော နည်းလမ်းကို အသုံးပြုပြီး ဖြေရှင်းဆောင်ရွက်ရမည်။ ထိုသို့ ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေများနှင့်အညီ ဖြစ်စေရမည်” လို့ ပြဋ္ဌာန်းထားတဲ့အတွက် ညှိနှိုင်းတဲ့အခါမှာ တည်ဆဲဥပဒေများနှင့် အညီသာ ဖြစ်ရပါမယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ တရားလွှတ်တော်ရှေ့နေ ဦးမိုးဟိန်းက “ပြစ်မှုဆိုင်ရာ ဥပဒေတွေကို ဖောက်ဖျက်ကျုးလွန်တဲ့အခါ အခုလို လူတစ်ဦး တစ်ယောက်ရဲ့ ကိုယ်လက်အင်္ဂါမှာ အပြင်းအထန် ထိခိုက် ဒဏ်ရာရရင်၊ မွေးရာပါ ကိုယ်လက်အင်္ဂါတွေက ပုံမှန်အတိုင်း လှုပ်ရှားနိုင်ခြင်း မရှိတော့ဘူးဆိုရင် ဒါဟာ ကြီးလေးတဲ့ ရာဇ၀တ်မှုကို ချိုးဖောက်တာ ဖြစ်ပါတယ်။ ရာဇ၀တ်မှု ကျုးလွန်ခံရတဲ့အခါ ကျုးလွန်ခြင်းခံရသူက ဒါမှမဟုတ် ကိုယ်စား သတင်းပေး တိုင်ကြားလာတဲ့အခါ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ဒါကို ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါကို ဆက်လက်ဆောင်ရွက်ခြင်း မပြုဘဲ ငွေကြေးပါသည် ဖြစ်စေ၊ မပါသည်ဖြစ်စေ ညှိနှိုင်း ဆောင်ရွက်တာဟာ တည်ဆဲပြဋ္ဌာန်း ဥပဒေတွေကို အတိအလင်း ဆန့်ကျင်နေတာ ဖြစ်ပါတယ်။ “ပြစ်မှုကျုးလွန်ကြောင်း သိလျက်နှင့် ဖြစ်စေ၊ ယုံကြည်ရန် အကြောင်းရှိလျက်နှင့် ဖြစ်စေ မည်သူ့ကိုမဆို ထိုပြစ်မှုနှင့် စပ်လျဉ်း၍ ဥပဒေနှင့်အညီ ပေးရန် တာဝန်ရှိသော သတင်းကို မပေးဘဲ တမင်ပျက်ကွက်လျှင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၀၂ ကို ကျုးလွန်တာ ဖြစ်ပါတယ်။ ဒီလိုပြစ်မှုမျိုး ကျုးလွန်တယ်ဆိုရင် ထောင်ဒဏ် ခြောက်လအထိ အပြစ်ပေးနိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၀ မှာတော့ လူတစ်ဦး တစ်ယောက်ကို ကိုယ်လက်အင်္ဂါ အဆစ်အမြစ် တစ်ခုခု ကျိုးပဲ့ ပျက်စီးအောင်၊ အမြဲ ပျက်စီးနေအောင်၊ အရိုးကို တိမ်းလွဲအောင် လုပ်တာ၊ နာကျင်ခြင်းခံရသူ တစ်နည်းပြောရရင် ပြုလုပ်ခြင်းခံရသူဟာ ပြုလုပ်သူကြောင့် ကိုယ်ခန္ဓာမှာ ရက်ပေါင်း ၂၀ အထိ အလုပ်အကိုင် မလုပ်နိုင်ဘဲ နာကျင်နေမယ် ဆိုရင်တော့ အပြင်းအထန်နာကျင် စေမှုမြောက်ပါတယ်။ ဒီလိုအမှုမျိုး ဖြစ်ပွားပြီ ဆိုရင်တော့ ကျေအေးခွင့် မရှိပါဘူး။ ကြီးလေးတဲ့ ရာဇ၀တ်မှုကို ကျုးလွန်တာ ဖြစ်ပါတယ်။ အင်းဝ အပ်ချုပ်ဆိုင်က အိမ်အကူ မိန်းကလေးတွေမှာ ရရှိထားတဲ့ ဒဏ်ရာတွေကို အပေါ်ယံပဲ ကြည့်မယ် ဆိုရင်တောင် ပြင်းထန်စေတဲ့ နာကျင်မှုတွေ ဖြစ်ပါတယ်။ လူအခွင့်အရေး ကော်မရှင် အနေနဲ့ ကျုးလွန်ခြင်းခံရသူ မိန်းကလေးတွေကို ကျန်းမာရေး စောင့်ရှောက်မှု အရင်ပေးပြီး လိုအပ်တဲ့ စစ်ဆေးချက်တွေ ပြုလုပ်ပြီး ရဲစခန်းမှာ တိုင်ချက်ဖွင့်ပေးရမှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
■ အရေးကြီးအဆို တင်ပြီ
“လူ့အခွင့်အရေး ချိုးဖောက်မှုများကို အကာအကွယ် မပေးတဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် တချို့ကို ထိထိရောက်ရောက် အရေးယူပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း” အရေးကြီး အဆိုတစ်ခု လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။ စက်တင်ဘာ ၂၂ ရက်က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်မှာ ရန်ကုန်တိုင်း ဒေါပုံမြို့နယ် ကိုယ်စားလှယ် ဦးဌေးဝင်းအောင် (ခေါ်) ဦးပြုံးချိုက တင်သွင်းခဲ့တာဖြစ်ပြီး လွှတ်တော်က လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်လမ်း ၄၀ ရှိ အင်းဝ အပ်ချုပ်ဆိုင် မိသားစုရဲ့ အိမ်အကူ အမျိုးသမီးငယ်များအပေါ် ညှဉ်းပန်းနှိပ်စက်မှုမှာ လူ့အခွင့်အရေး ကော်မရှင်က ကြားဝင်ညှိနှိုင်းပြီး ကျေအေးစေခဲ့တဲ့ လုပ်ရပ်အပေါ် အခြေခံပြီး အရေးကြီးအဆို လွှတ်တော်မှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းခဲ့တဲ့ ဦးပြုံးချိုက “ပြီးခဲ့တဲ့ ၁၅ ရက်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးမှာ သက်ဆိုင်တဲ့ သူတွေကို ခေါ်ဆိုပြီးတော့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဦးဇော်ဝင်း၊ ဒေါက်တာ ဉာဏ်ဇော်၊ ဒေါ်မြမြတို့ ပါဝင်ပြီးတော့ ဆွေးနွေးညှိနှိုင်းပွဲ တစ်ရပ်ကို ကျင်းပခဲ့ကြတာ အားလုံး အသိပါပဲ။ အဲဒီ ဆွေးနွေးညှိနှိုင်းပွဲရဲ့ ထူးခြားချက် ခေါင်းစဉ်က ဘာလဲဆိုတဲ့ အခါကျတော့ အင်းဝ အပ်ချုပ်ဆိုင်က အိမ်ဖော် အမျိုးသမီးငယ် နှစ်ဦးအား ညှဉ်းပန်းနှိပ်စက်မှုနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး ညှိနှိုင်းရန် မှတ်တမ်း ဆိုပြီးတော့ ရေးထားတာ တွေ့ရပါတယ်။ အမျိုးသမီးငယ်နှစ်ယောက်ကို ညှဉ်းပန်းနှိပ်စက်မှုမှန်း သိလျက်သားနဲ့ ဥပဒေကြောင်းအရ နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ ဘာလို့ မကြိုးစားခဲ့ရပါသလဲ။ ပြီးတဲ့ အခါမှာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးက ထုတ်ပြန်ထားတဲ့ လက်ကမ်းကြေညာစာတမ်းရဲ့ ရည်ရွယ်ချက် ဖွင့်ဆိုပုံနဲ့လည်း လွဲချော်နေတာကို သွားတွေ့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ကျွန်ပြုခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ကိုယ်အင်္ဂါ ပျက်ယွင်းသွားအောင် ညှဉ်းပန်းနှိပ်စက်ခြင်းနဲ့ ၀င်ငွေလုပ်ခတွေ ခေါင်းပုံဖြတ်ထားခြင်း၊ ဒီအချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ ကလေးသူငယ် ဥပဒေ ရှုထောင့်ကပဲ ပြန်ကြည့်ကြည့် အလုပ်သမား အက်ဥပဒေ အရပဲ ပြန်ကြည့်ကြည့် အချို့ကိစ္စတွေဟာ ဘယ်လိုမှ ကျေအေးလို့ မရနိုင်တဲ့ ကိစ္စတွေ ဆိုတာ ကိုယ်စားလှယ်တော်ကြီးများသိမှာ ဖြစ်ပါတယ်။ အဲဒီလို ကျေအေးလို့ မရနိုင်တဲ့ ပုဒ်မတွေမှန်း သိလျက်သားနဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှာ ပါဝင်ကြတဲ့ ပုဂ္ဂိုလ်ကြီးများဟာ ယခင်ဌာန အသီးသီးမှာ တာဝန် ထမ်းဆောင်ခဲ့စဉ်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ အဆင့်မြင့် အရာရှိ၊ အကျဉ်းဦးစီးဌာနရဲ့ အဆင့်မြင့် အရာရှိ အနေနဲ့ တာဝန်ထမ်းဆောင်နေစဉ်မှာ ဒီလို ညှဉ်းပန်းနှိပ်စက်မှုဟာ အခုလိုမျိုး ကျေအေးလို့ မရဘူး ဆိုတာကို မသိခဲ့ဘူးလား။ တော်တော် စဉ်းစားစရာ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့နိုင်ငံမှာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နဲ့ ပတ်သက်ပြီးတော့ တချို့လည်း ကြိုးစားပမ်းစား ဆောင်ရွက်နေကြတဲ့ သူတွေရှိသလို တချို့ဟာလည်း တည်ဆဲဥပဒေတွေကို ချိုးဖောက်လိုက်တဲ့ သူတွေ ရှိနေပြီဆို သွားပေါ်လွင်နေပါတယ်” လို့ လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
သူ့အဆိုကို ဧရာဝတီတိုင်း အိမ်မဲမြို့နယ် ကိုယ်စားလှယ် ဒေါ်သန္တာက လူ့အခွင့်အရေးကော်မရှင် ဥပဒေပါ သတ်မှတ်ချက်တွေကို ကိုးကားပြီး ထောက်ခံ ဆွေးနွေးပါတယ်။
“အခုလောလောဆယ် ဖြစ်နေတဲ့ အဖြစ်အပျက်များကို ကြည့်ရမယ်ဆိုရင် ကျွန်မတို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ အခု ကျူးလွန်ခံခဲ့ရတဲ့ အမျိုးသမီး ကလေးငယ်လေး နှစ်ယောက်ဟာ ကျွန်မတို့ ပုဒ်မ ၃၂၅ သုံးသော လက်နက်နဲ့ အပြင်းအထန် နာကျင်စေမှု၊ ပုဒ်မ ၃၂၆ အပြင်းအထန် နာကျင်စေမှု ဒါတွေဟာ ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ် ထိုက်ပါတယ်။ ပုဒ်မ ၃၆၇ ထိုသူကို အပြင်းအထန် နာကျင်စေခြင်း ဒါမှမဟုတ် ကျွန်ပြုခြင်းတို့ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်ထိုက်ပါတယ်။ ပုဒ်မ ၃၆၈ မှာလည်း ခိုးယူခြင်း၊ မတရားသဖြင့် ၀ှက်ပေးခြင်း၊ ချုပ်နှောင်ထားရန် အကြံဖြင့် ၀ှက်သိမ်းခြင်း၊ ထိုသို့ ၀ှက်သိမ်းရန်၊ ချုပ်နှောင်ရန် ကိစ္စ အလို့ငှာ ခိုးယူပြီး သကဲ့သို့ ဒါဟာလည်း ထောင်ဒဏ် ၁၀ နှစ်အထိ ထိုက်ပါတယ်။ ဒီပြစ်မှုများဟာ ရဲအရေးပိုင်တဲ့ ပြစ်မှုများပဲ ဖြစ်ပါတယ်။ ရဲအရေးပိုင်မှု ပြစ်မှုများဟာ မည်သူမျှ ကျေအေးခွင့် မရှိပါဘူး။ တရားရုံးက ကျေအေးခွင့် ပေးနိုင်သော်လည်း မည်သူမျှ ကျေအေးပိုင်ခွင့် မရှိသော အမှုများ ဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် တရားရုံးရဲ့ တရားစီရင်ရေး အာဏာကို ကျော်လွန်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က လုပ်ဆောင်နေတယ်လို့ ကျွန်မတို့ စွပ်စွဲရပါလိမ့်မယ်” လို့ ဒေါ်သန္တာက ဆိုပါတယ်။
ဆက်လက်ပြီး ဒေါ်သန္တာက “နောက်တစ်ချက်ကတော့ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့် အခန်း ၅ ပုဒ်မ ၂၂ မှာ ဆိုလို့ရှိရင် ကော်မရှင်ဟာ လူ့အခွင့်အရေး ဖောက်ဖျက်ကြောင်း တိုင်တန်းချက်တွေကို စွပ်စွဲချက်တွေနဲ့ စပ်လျဉ်းပြီး စုံစမ်းစစ်ဆေးရမယ်လို့ ပါပါတယ်။ နောက်တစ်ခါ ပုဒ်မ ၃၄ မှာတော့ ကော်မရှင်ရဲ့ တိုင်တန်းချက်နှင့် စပ်လျဉ်းပြီး ဖြေရှင်းဆောင်ရွက်ချက် နေရာမှာ တိုင်တန်းချက်ပါ အကြောင်းအခြင်းအရာသည် ညှိနှိုင်း၍ရသော အလားအလာ ရှိသည်ဟု ယူဆပါက ညှိနှိုင်းဖြေရှင်းသော နည်းလမ်းကို အသုံးပြုပြီး ဖြေရှင်းဆောင်ရွက်ရမည်။ ထိုသို့ ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေများနှင့် အညီသာ ဖြစ်ရမည်လို့ ပါပါတယ်။ ဒီထဲမှာ ညှိနှိုင်း၍ရသော အလားအလာရှိသောလို့ ပါသလို တည်ဆဲ ဥပဒေများနှင့် အညီလည်း ဖြစ်ရပါမယ်။ အခု ဖြေရှင်း ဆောင်ရွက်ပေးမှုများဟာ တည်ဆဲ ဥပဒေများကို ကျော်လွန်ဖောက်ဖျက်ခြင်းသာလည်း ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ အမှုနဲ့ ကျူးလွန်သူတွေကို ဖော်ထုတ်ဆောင်ရွက်ရမယ့် အဖွဲ့အစည်းက ကျူးလွန်သူတွေကို အမှုပိတ်သိမ်းအောင် ကျူးလွန်သူများကို သက်သာခွင့်ရအောင် ဆောင်ရွက်ပေးနေသကဲ့သို့ ရှိနေပါတယ်။ ညှိနှိုင်းဆောင်ရွက် ကျေအေးမှုတွေကို တရားရုံး အတွင်းကိုပဲ သူဟာ အကြံဉာဏ် ပေးသင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
“လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အကာအကွယ် မပေးတဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် တချို့ကို ထိထိရောက်ရောက် အရေးယူပေးရန် အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို လွှတ်တော်က လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် လွှတ်တော်မှာ ဆက်လက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အဆို အောင်သွားရင်တော့ အစိုးရက လိုက်လံ လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။
ဒါ့ပြင် နိုင်ငံတော် သမ္မတရုံးမှလည်း စက်တင်ဘာ ၂၂ ရက်က “ကျောက်တံတားမြို့နယ်အတွင်း ကလေးသူငယ်များ ညှဉ်းပန်းနှိပ်စက်ခံရမှုနှင့် စပ်လျဉ်း၍ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ စောင့်ကြည့်လျက်ရှိ” တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
■ ကော်မရှင် နုတ်ထွက်သင့်လား
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်တွေ နုတ်ထွက်ပေးဖို့ တောင်းဆိုစာတစ်စောင်ကို စက်တင်ဘာ ၂၁ ရက်က ပြည်သူတွေက ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီစာထဲမှာ အချက်လေးချက် ပါဝင်ပါတယ်။ အဲဒီအချက်တွေကတော့ (၁) ကျွန်ုပ်တို့ ပြည်သူများ အနေဖြင့် ဆယ်ကျော်သက်အရွယ် အိမ်အကူ မိန်းကလေး နှစ်ဦးကို ညှဉ်းပန်းနှိပ်စက်မှုများအတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က နစ်နာကြေးပေးသည့် နည်းဖြင့် ညှိနှိုင်းဖြေရှင်းခဲ့သည့် လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချသည်။ (၂) မိန်းကလေးနှစ်ဦးသည် ကိုယ်ကာယ ညှဉ်းပန်းနှိပ်စက်မှုများ ခံစားခဲ့ရပြီး၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားခဲ့ရသည်။ ပြစ်မှုဆိုင်ရာ ဥပဒေ ရာဇသတ်ကြီးပုဒ်မ ၃၆၇၊ ၃၆၈၊ ၃၇၀၊ ၃၂၅၊ ၃၂၆ အပြင်းအထန် နာကျင်စေမှု စသည့် ရာဇသတ်ကြီးမှုများနှင့် အကျုံးဝင်သည့်အပြင် အရွယ်မရောက်သေးသည့် ကလေးများကို ကျွန်ပြုရန် ရည်ရွယ်ချက်နှင့် စီမံထိန်းသိမ်းထားခြင်း၊ လျို့ဝှက်ထားကြောင်း ပြစ်မှုကြီး ဖြစ်နေသကဲ့သို့ တစ်သက်တစ်ကျွန်းထိ ဒဏ်ချမှတ်နိုင်၍ အာမခံနှင့် လွှတ်ပေးခွင့် မရနိုင်သည့် ကျူးလွန်မှုများ ဖြစ်သည်။ (၃) ၎င်းအပြင် လူ့အခွင့်အရေးနှင့် ကလေးသူငယ် အခွင့်အရေး၊ အလုပ်သမား အခွင့်အရေးများ ချိုးဖောက်ခံထားရသည့် ဖြစ်ရပ်များ ရှိနေသော်လည်း တရားဥပဒေအရ အရေးယူ ဆောင်ရွက်ရန် စီမံမှု မရှိဘဲ ငွေကြေးအားနည်းသူများအပေါ် ငွေကြေးဖြင့် ညှိနှိုင်းမှုသာ ပြုလုပ်ခဲ့သည့် လူ့အခွင့်အရေး ကော်မရှင်အပေါ် ဆက်လက်၍ မယုံကြည်နိုင်တော့ပါ။ (၄) လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်များသည် ပြည်သူများ၏ လူ့အခွင့်အရေး ရပိုင်ခွင့်များကို မကာကွယ်နိုင်သည့်အပြင် ငွေကြေးဖြင့် မသိနားမလည်သူများအပေါ် အမှုကျေအေးရန် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည့်အတွက် ပြည်သူများကို တရားဝင် တောင်းပန်၍ နုတ်ထွက်ပေးပါရန် အလေးအနက် တောင်းဆိုသည် ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
ဒီတောင်းဆိုစာကို၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၈ ရက်မှာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးထံ လက်မှတ် အရေအတွက်နဲ့ အတူ ပေးပို့ပါမယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေး ကော်မရှင် အဖွဲ့ဝင်တွေ နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ လက်မှတ်တွေကို ရန်ကုန်မြို့ လှည်းတန်းစင်တာမှာ စက်တင်ဘာ ၂၄ ရက်က စတင်ကောက်ခံနေပြီ ဖြစ်ပါတယ်။ လက်မှတ်ကောက်ခံတာကို ရန်ကုန်မြို့က လူငယ်တွေ စုပေါင်း ပြုလုပ်တာ ဖြစ်ပြီး စက်တင်ဘာ၂၇ ရက်အထိ ကောက်ခံရရှိတဲ့ လက်မှတ်တွေကို ၂၈ ရက်မှာ နိုင်ငံတော် သမ္မတရုံး၊ လွှတ်တော်နဲ့ လူ့အခွင့်အရေး ကော်မရှင်ရုံးကို ပေးပို့သွားမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေပုဒ်မ ၆၂ မှာ “ဤဥပဒေအရ ပေးအပ်ထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သဘောရိုးဖြင့် ဆောင်ရွက်ခြင်း၊ ဆောင်ရွက်ရန် ပျက်ကွက်ခြင်းနှင့် သဘောထားမှတ်ချက်ပေးခြင်း သို့မဟုတ် ထင်မြင်ချက်ပေးခြင်းတို့အတွက် ကော်မရှင်ကို ဖြစ်စေ၊ ကော်မရှင် အဖွဲ့ဝင်ကို ဖြစ်စေ၊ ကော်မရှင်က တာဝန်ပေးအပ်ခြင်း ခံရသူကို ဖြစ်စေ ပြစ်မှုကြောင်းအရသော် လည်းကောင်း၊ တရားမကြောင်းအရသော် လည်းကောင်း တရားစွဲဆိုခြင်း မပြုရ” ဆိုပြီး ပြဋ္ဌာန်းထားပါတယ်။
“ကော်မရှင် ဆိုတာက သမ္မတကနေ တိုက်ရိုက်ခန့်တဲ့ အဖွဲ့အစည်း ဖြစ်တယ်။ အဲဒါကြောင့်မို့လို့ သူတို့ရဲ့ ကော်မရှင် ဥပဒေ အခန်း ၉ ပုဒ်မ ၆၂ အရဆိုရင် သူတို့ကို တရားစွဲဆိုခွင့် မရှိဘူး။ တရားတိုက်ရိုက် စွဲဆိုခွင့် မရှိဘူး။ ဒါပေမဲ့ နိုင်ငံတော် သမ္မတဆီမှာ အချက်အလက် အထောက်အထား ခိုင်ခိုင်မာမာ တင်ပြပြီးတော့ ကော်မရှင်ရဲ့ ပေါ့လျော့မှုတွေ၊ ကော်မရှင်ရဲ့ ဥပဒေနဲ့ ပတ်သက်ပြီး ထိမ်ချန်မှုတွေကို ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၉၇ (၁) မှာရှိတယ်။ တရားသူကြီးပဲ ဖြစ်ဖြစ်၊ ရာဇ၀တ် တရားသူကြီး ဒါမှမဟုတ်ရင် နိုင်ငံတော်သမ္မတ ဒါမှမဟုတ်ရင် အဆင့်မြင့်တဲ့ အာဏာပိုင် တစ်ဦးတစ်ယောက်ရဲ့ ခွင့်ပြုချက် မရှိဘဲနဲ့ ရာထူးကနေ ထုတ်ပယ်ခွင့် မရတဲ့ ပြည်သူ့ဝန်ထမ်း တစ်ယောက်ရဲ့ ရာထူးအလျောက် တာဝန်ထမ်းဆောင်ခြင်း ပြုလုပ်တဲ့အခါမှာ ပြုလုပ်တယ်လို့ သဘောသက်ရောက်တယ်ပဲ ဖြစ်ဖြစ်၊ သူ့ရဲ့ စေတနာ အမှားပဲ ဖြစ်ဖြစ် ဘယ်လို အကြောင်းအရာနဲ့ပဲ ဖြစ်ဖြစ် တရားစွဲဆိုမယ် ဆိုရင်တော့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၉၇ (၁)မှာတော့ နိုင်ငံတော် သမ္မတဆီမှာ အမိန့်တောင်းခံရမယ်။ သမ္မတရဲ့ အမိန့် မရရင်တော့ တရားစွဲဆိုလို့ မရဘူး။ သမ္မတရဲ့ အမိန့် ရရင်တော့ တရားစွဲဆိုလို့ ရမယ်” လို့ တရားလွှတ်တော်ရှေ့နေ တစ်ဦးက ဆိုပါတယ်။
ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၉၇ (၁)မှာ “ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ၏ အဓိပ္ပာယ်အရ တရားသူကြီးဖြစ်သူ သို့မဟုတ် ရာဇ၀တ် တရားသူကြီးတစ်ဦး သို့မဟုတ် နိုင်ငံတော် သမ္မတ၊ သို့မဟုတ် အခြား အဆင့်မြင့်သော အာဏာပိုင်၏ အခွင့်အမိန့် မရရှိဘဲ ရာထူးမှ ထုတ်ပယ်ခြင်း မပြုနိုင်သော ပြည်သူ့ဝန်ထမ်း တစ်ဦးသည် မိမိရာထူးအလျောက် တာဝန်ထမ်းဆောင်စဉ် ပြုလုပ်သော သို့မဟုတ် ပြုလုပ်သည်ဟု သဘောသက်ရောက်သော ပြစ်မှု တစ်စုံတစ်ရာနှင့် စွပ်စွဲခံရသောအခါ နိုင်ငံတော် သမ္မတ၏ ကြိုတင်အခွင့် အမိန့်မရှိဘဲ အဆိုပါပြစ်မှုကို မည်သည့် တရားရုံးကမျှ အရေးမယူရ” လို့ ပြဋ္ဌာန်းထားပါတယ်။
ဒါ့ပြင် နိုင်ငံတော် သမ္မတရုံးကနေ စက်တင်ဘာ ၂၂ ရက်က ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်ထဲမှာ ညှိနှိုင်းဆောင်ရွက်ပေးခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရဲ့ ဆောင်ရွက်မှု အခြေအနေတွေကိုလည်း လေ့လာလျက် ရှိတယ်လို့ ပါရှိပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေ အခန်း (၄) မှာ ကော်မရှင် အဖွဲ့ဝင်၏ ရာထူးသက်တမ်း၊ ရာထူးမှ နုတ်ထွက်ခြင်း၊ တာဝန်မှ ရပ်စဲခြင်းနှင့် လစ်လပ်ရာထူးနေရာတွင် ဖြည့်စွက် ခန့်ထားခြင်းဆိုတဲ့ အခန်း ပုဒ်မ (၁၈)မှာ နိုင်ငံတော် သမ္မတသည် ကော်မရှင်အဖွဲ့ဝင် တစ်ဦးဦးအား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့နှင့် ညှိနှိုင်းပြီး အောက်ပါ အခြေအနေ တစ်ရပ်ရပ် ပေါ်ပေါက်လာပါက တာဝန်မှ ရပ်စဲနိုင်သည်လို့ ပါပါတယ်။
ပုဒ်မခွဲ (ဃ) မှာတော့ “ကော်မရှင်က ချမှတ်ထားသော စည်းကမ်းချက်များကို လိုက်နာရန် ပျက်ကွက်ခြင်း” ဆိုတဲ့ ပြဋ္ဌာန်းချက် ရှိသလို အဲဒီ ဥပဒေရဲ့ ပုဒ်မ (၃၄) အရ “ကော်မရှင်သည် တိုင်တန်းချက်နှင့် စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်ရာတွင် တိုင်တန်းချက်ပါ အကြောင်းခြင်းရာသည် ညှိနှိုင်း၍ ရနိုင်သော အလားအလာ ရှိသည်ဟု ယူဆပါက ညှိနှိုင်း ဖြေရှင်းသော နည်းလမ်းကို အသုံးပြုပြီး ဖြေရှင်းဆောင်ရွက်ရမည်။ ထိုသို့ ဆောင်ရွက်ရာတွင် တည်ဆဲ ဥပဒေများနှင့်အညီ ဖြစ်စေရမည်” လို့ ပြဋ္ဌာန်းထားတာကြောင့် ကော်မရှင်က လိုက်နာဖို့ ပျက်ကွက်ခဲ့ရင် နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်တိုင်ပင်ပြီး တာဝန်ကနေ ရပ်စဲတာကိုလည်း ပြုလုပ်နိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် အိမ်အကူ မိန်းကလေးငယ်နှစ်ယောက် ညှဉ်းပန်း နှိပ်စက်ခံရတာနဲ့ ပတ်သက်လို့ ပြည်သူလူထုကရော၊ လွှတ်တော်ကြီးကပါ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို နုတ်ထွက်ပေးဖို့ တောင်းဆိုနေသလို အဖွဲ့ဝင် တချို့ကိုလည်း အရေးယူပေးဖို့ လွှတ်တော်က အရေးကြီးအဆိုကို လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥပဒေရဲ့ ပုဒ်မ ၁၆ မှာ “ကော်မရှင်ဥက္ကဋ္ဌသည် တာဝန်ထမ်းဆောင်နေစဉ် အကြောင်း တစ်ခုခုကြောင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်လိုလျှင် ထိုသို့ နုတ်ထွက်လိုကြောင်းကို နိုင်ငံတော် သမ္မတထံ စာဖြင့် တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင်သည်” လို့ ပြဋ္ဌာန်းထားသလို ပုဒ်မ ၁၇ မှာလည်း “ကော်မရှင် ဥက္ကဋ္ဌမှအပ ကော်မရှင် အဖွဲ့ဝင် တစ်ဦးသည် တာဝန်ထမ်းဆောင်နေစဉ် အကြောင်းတစ်ခုခုကြောင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်လိုလျှင် ထိုသို့ နုတ်ထွက်လိုကြောင်းကို ကော်မရှင်ဥက္ကဋ္ဌမှ တစ်ဆင့် နိုင်ငံတော် သမ္မတထံ စာဖြင့် တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင်သည်” လို့ ပြဋ္ဌာန်းထားပါတယ်။
လက်ရှိအချိန်မှာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ပြည်သူတွေက နုတ်ထွက်ပေးဖို့ တောင်းဆိုနေသလို လွှတ်တော်ကလည်း ကော်မရှင်ကို အရေးယူဖို့ အစိုးရအား တိုက်တွန်းကြောင်း အရေးကြီး အဆိုကို ဆက်လက် ဆွေးနွေးတော့မှာ ဖြစ်တာကြောင့် အခြေအနေက ကျဉ်းထဲကျပ်ထဲကို ရောက်နေပြီ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေမှာ ပါတဲ့ ပုဒ်မ ၁၆ နဲ့ ၁၇ အရ ကော်မရှင် အနေနဲ့ အခုထဲက ကိုယ့်ဘာသာ ကိုယ်ဂုဏ်သိက္ခာရှိစွာ နုတ်ထွက်သွားမလား။ ဒါမှမဟုတ် “လူ့အခွင့်အရေး ချိုးဖောက်မှုများကို အကာအကွယ် မပေးတဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်တချို့ကို ထိထိရောက်ရောက် အရေးယူပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း” အရေးကြီးအဆို လွှတ်တော်မှာ
အောင်မြင်သွားခဲ့ရင် အစိုးရရဲ့ အရေးယူ ဆောင်ရွက်မှုကို ခံရနိုင်တာကြောင့် လက်ရှိအချိန်မှာ ကော်မရှင် အနေနဲ့ စဉ်းစားဆုံးဖြတ်ရတော့မယ့် အနေအထားကို ရောက်နေပြီ ဖြစ်ပါတယ်။
အောင်မြင်သွားခဲ့ရင် အစိုးရရဲ့ အရေးယူ ဆောင်ရွက်မှုကို ခံရနိုင်တာကြောင့် လက်ရှိအချိန်မှာ ကော်မရှင် အနေနဲ့ စဉ်းစားဆုံးဖြတ်ရတော့မယ့် အနေအထားကို ရောက်နေပြီ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးအောင်လင်းက “အဓိက,ကတော့ ကိုယ်ဆောင်ရွက်တဲ့ ကိစ္စတိုင်းမှာ တာဝန်ယူမှု၊ တာဝန်ခံမှုတော့ ရှိရပါမယ်။ ပြည်သူ့ဝန်ဆောင်မှုနဲ့ ပတ်သက်တဲ့ တာဝန်ရှိသူတိုင်းဟာ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့ လုပ်ရပ်ပေါ်မှာ ကိုယ်တာဝန်ယူရမှာပါ။ ကိုယ့်လုပ်ရပ်ပေါ်မှာ ကိုယ်တာဝန်ယူရဲတဲ့ စိတ်ဓာတ်မျိုးပဲ ရှိဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရှေ့ပိုင်းမှာ ကိုယ်လုပ်တဲ့ လုပ်ရပ်အပေါ် တာဝန်မယူခဲ့တဲ့ ဖြစ်စဉ်တွေ အများကြီး ရှိခဲ့တယ်။ အခု ပြည်သူ့အစိုးရ လက်ထက်မှာတော့ ကိုယ့်လုပ်ရပ်ကို ကိုယ်တာဝန်ယူဖို့ ရဲရဲကြီး လိုပါတယ်” လို့ ဆိုပါတယ်။
Writer:
ဆန်းမိုးထွန်း
ဆန်းမိုးထွန်း
Eleven Media Group
No comments:
Post a Comment