Saturday, October 1, 2016

ကိုယ်ချင်းစာနိုင်ပါသလား Tin Nyunt ရေးသားချက်များ

ကိုယ်ချင်းစာနိုင်ပါသလား
ဒီနေ့မနက် အကြိုက်ဆုံး စကားတစ်ခွန်းကတော့ 7 Day Daily သတင်းစာထဲက အငှားကား ယာဉ်မောင်း လေးရဲ့ စကားပဲဗျ။ အားလုံး သိပြီး ဖြစ်မှာပါ ကိုသန်းထိုက်ကျော်ဆိုတဲ့ အငှားယာဉ်မောင်းလေးက သူ့ကားပေါ်မှာ ကျန်ခဲ့တဲ့ ခရီးသည်ရဲ့ သိန်းထောင်ချီတန်တဲ့ ရတနာပစ္စည်းတွေကို သွားပြန်ပေးတယ်ဆိုတာ။ သူနဲ့ အင်တာဗျူး မှာ ကိုသန်းထိုက်ကျော် ပြောသွားတဲ့ စကားလေးတစ်ခွန်း သဘောကျတယ်။
“ကျွန်တော့်စိတ်ထဲမှာ ရှိတာကတော့ ကိုယ်ချင်းစာစိတ်လေးပေါ့ဗျာ”
တကယ့် အနှစ်ချုပ်ပဲ။ သူဘာကြောင့် ဒီပစ္စည်းတွေကို ပြန်ပေးရတယ်ဆိုတာ စကားတွေ အများကြီး မပြောဘဲ တစ်လုံးတည်းနဲ့ ဖော်ကျူးလိုက်တဲ့ “ကိုယ်ချင်းစာစိတ်” ဆိုတာ လူတိုင်း ထားနိုင်ကြတာမှ မဟုတ်တာ။
ကိုယ်ချင်းစာစိတ်တွေမရှိလို့ အင်းဝမိသားစုက သမီးအရွယ်လေးတွေကို ဒဏ်ရာတွေရအောင် နှိပ်စက်တယ်။ ကိုယ်ချင်းစာစိတ်မရှိလို့ ကော်မရှင်က ပိုက်ဆံပေးပြီး ကျေအေးခိုင်းကာ ဥပဒေကို ကျောခိုင်းတယ်။ ကိုယ်ချင်းစာ စိတ်မရှိလို့ တိုင်းသူပြည်သားတွေကို စိုးမိုးနှိပ်စက်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့တယ်။ ပြောရရင် အများကြီးပေါ့ဗျာ။
သတိရတုန်း ဂျာနယ်ကျော်ဦးချစ်မောင် အကြောင်းလေး ပြောချင်သေးတယ်။ ကျွန်တော် အလွန်လေးစား တန်ဖိုး ထားခဲ့ရတဲ့ သတင်းစာဆရာကြီးပါ။ သူ့ကြောင့် စာတွေဖတ်ပြီး သူလို့ စာတွေရေးနိုင်အောင် ကျောင်းသားဘဝ ကတည်းက အတုယူပြီး သူ့လိုလူဖြစ်အောင် နေထိုင်ခဲ့တာကြောင့် စာသမားဘဝရောက်ခဲ့ရလို့ ကျေးဇူးရှင်ကြီးလို့ ပြောပါရစေ။
တစ်နေ့ ဦးချစ်မောင်က ညဘက်အိမ်အပြန် သူနဲ့ အတူနေ ရဲဘော်တွေ စားပါစေဆိုပြီး မုန့်လေပွေတွေ ဝယ်လာ တယ်။ အိမ်ရောက်တော့ သူ့ရဲဘော်တွေက အိပ်နေပြီ။ အလွန်အားနာတတ်တဲ့ ဦးချစ်မောင်ဟာ အိမ်နောက်ဖေး ဘက်ကို သွားပြီးတော့ ပြတင်းပေါက်မှာ ခေါင်းထုတ်ကာ မုန့်လေပွေတွေကို အသံမထွက်အောင် ဝါးစားပါသတဲ့။ မုန့်လေပွေဝါးလို့ ထွက်လာတဲ့ အသံဟာ သူ့ရဲဘော်တွေကို နိုးသွားမှာ စိုးရိမ်လို့ပါ။
ကျွန်တော့် အိမ်ရှေ့အိမ်က မနက်မိုးလင်းရင် ဆောင်းဘောက်စ် အကျယ်ကြီးဖွင့်ပြီးတော့ ဘုရားရှိခိုးပါတယ်။ ကျွန်တော်က ညဆိုရင် ၁၂ နာရီ တစ်ချက်လောက်မှ အိပ်တတ်တယ်။ စောစောစီးစီးအသံတွေ ထွက်လာရင် ဆက်အိပ်လို့မရတော့ဘူး။ ဒါပေမဲ့ ကျွန်တော့်မှာ ရွေးချယ်ခွင့်မရှိဘူး။ ဖက်ပြိုင်ခွင့်မရှိဘူး။ ဒါကြောင့် မိတ်ဆွေတစ်ဦး အကြံပေးတဲ့အတိုင်း ရေကူးရာမှာ နားထဲရေမဝင်အောင် ဆို့ထားရတဲ့ ဖော့တုံးလေးတွေ ဝယ်ထားပြီး နားထဲကို ကျပ်နေအောင်ပိတ်ပြီး အိပ်ရတယ်။
ဒီလောကမှာ ရှောင်လွှဲလို့ မရနိုင်တဲ့ ကိစ္စတွေအများသား။ သူက ကိုယ်ချင်းမစာလို့ ဆိုပြီးတော့ သူ့ကို အမုန်းပွား နေတာ ပူလောင်လှတယ်။ စောစောက ရတနာထုပ်ပျောက်တဲ့သူတွေ ပဲကြည့်။ သောကတွေများပြီး ရဲစခန်းတိုင် ဘာတိုင် ဖြစ်ကုန်ကြတယ်။ အငှားယာဉ်မောင်းကိုသန်းထိုက်ကျော်က နောက်တစ်နေ့မနက် ကားရေဆေးမှ အထုပ်ကိုတွေ့ပြီး ညကသူပို့ခဲ့တဲ့ အိမ်ကဖြစ်မှာပဲဆိုပြီး လာပြန်ပေးတယ်။ တစ်ညလုံး ပစ္စည်းရှင်တွေ အိပ်ပျော်မယ်တောင်မထင်ဘူး။
အချို့သောကိစ္စတွေဟာ မျှော်လင့်ထားသလို မဖြစ်လာနိုင်သလို၊ မမျှော်လင့်ထားသလိုတွေလည်း ဖြစ်လာနိုင်တာ အများကြီး။ အဲဒါတွေကို မဖြစ်လာရကောင်းလား၊ ဖြစ်လာရမလားဆိုပြီး ပူပင်သောကရောက်နေရင် ဆင်းရဲတော့ တာပဲ။ ဒါကြောင့် အကောင်းဆုံးကိုပြင်ဆင်၊ အဆိုးဆုံးကို ရင်ဆိုင်နိုင်အောင်ကြိုးစားပြီး စိတ်ကောင်းလေးထား လိုက်တာနဲ့ ငြိမ်းချမ်းသွားတော့တာပဲ။
အင်တာဗျူးမှာ မေးတဲ့သူက ကိုသိန်းထိုက်ကျော်ကို ပစ္စည်းတွေရတော့ ပြန်ပေးရင်ကောင်းမလား၊ မပေးရင် ကောင်းမလားဆိုတဲ့ စိတ်ဖြစ်မိသလားလို့ မေးလိုက်တယ်။ သူက
“ကျွန်တော့်မှာ အဲဒီစိတ် ရှိကိုမရှိတာပါ” တဲ့။ စဉ်းစားဝေဖန်နိုင်ကြဖို့ပါ။
၂၆.၉.၂၀၁၆




မုန့်ဖိုး
ယနေ့ ကျန်းမာရေး သိပ်မကောင်းဘူး။ ထုတ်ဝေသူတစ်ယောက်နဲ့ စကားပြောဖို့ ချိန်းထားတဲ့ နေရာကလည်း မဖြစ်မနေ သွားကိုသွားရမှာဖြစ်နေတယ်။ အဲဒီနေရာကို လိုင်းကားမစီးတတ်တော့ တက္ကစီငှားပြီး လာခဲ့ပါတယ်။
ကားပေါ်မှာ ကလေးတစ်ယောက်ပါလာတယ်။ ရှေ့ခန်းမှာထိုင်နေတယ်။ ကျွန်တော်က ခရီးသည်ပါလို့ မငှား တော့ဘူးဆိုပြီး နောက်ဆုတ်လိုက်ချိန်မှာ တက္ကစီမောင်းသူက
“ဆရာကြီး သမီးကို ကျောင်းသွားပို့ရင်း လမ်းကြုံလို့ တင်သွားချင်လို့ပါ” လို့ တောင်းတောင်းပန်ပန်ပြောနေလို့ သူ့ကားနဲ့ လိုက်ခဲ့ရပါတယ်။
ကလေးမလေးက ချစ်စရာလေးမို့ ကျွန်တော်က “သမီး ဘယ်နှတန်းရောက်ပြီလဲ” လို့ မေးလိုက်တော့ သူ့အဖေ တက္ကစီမောင်းတဲ့ဆရာက
“သမီးက မေရီချပ်မင်းကျောင်းကို ပို့ရမှာ … စကားလည်း မပြောနိုင်ဘူး၊ နားလည်း မကြားဘူး”
အို … ကျွန်တော် စိတ်မကောင်းဖြစ်သွားမိတယ်။
“ဆောရီးဗျာ … ကျွန်တော် မသိလို့ပါ” လို့ ကလေးကို စကားသွားပြောမိလို့ အားနာပြီး သူ့ဖခင်ကို တောင်းပန် လိုက်တော့
“ရပါတယ်ဗျာ … ကျွန်တော်တို့မှာ မျိုးရိုးမရှိပါဘူး။ သူ့ဘဝ ဝဋ်ကြွေးလို့ပဲ ဆိုရမှာပေါ့”
“အဲဒီလို မပြောပါနဲ့ဗျာ … ဝဋ်ကြွေးလို့ မပြောပါနဲ့။ ဒါဟာ ဘုရားပေးတဲ့ ဆုတစ်ခုလို့ သတ်မှတ်ပေးပါဗျာ”
“သြော်… သြော် … ဟုတ်ကဲ့ ဆရာကြီးတွေးသလို မတွေးမိဘူး”
“ဘာပြောပြော ခင်ဗျားအနေနဲ့ သမီးလေးကို ကျောင်းထားပေးတာ ကျွန်တော် လေးစားပါတယ်။ သမီးလေး ဘယ်နှတန်းလဲ”
“ဒုတိယတန်းပါ”
သမီးလေးက သူ့ရှေ့မှာ စာအုပ်တစ်အုပ်ဖွင့်ထားတယ်။ လက်ဟန်ခြေဟန်နဲ့ စာလုပ်နေပုံရပါတယ်။ ကျွန်တော် လည်း ကလေးရဲ့ ဟန်တွေကိုကြည့်ပြီး ကြည်နူးနေမိတယ်။ သူ့မိဘတွေ ဘယ်လို ခံစားနေရမယ်ဆိုတာ ကိုယ်ချင်းစာပါရဲ့။ ဒါပေမဲ့ ဘဝကို အရှုံးမပေးနိုင်အောင် ပညာသင်ကြားပေးရမယ်ဆိုတဲ့ အသိရှိတဲ့ မိဘတွေကို လေးစားတယ်။
“သမီးလေးကို ပညာတော့ ဆုံးခန်းတိုင်အောင် သင်ပေးပါဗျာ”
“မပူပါနဲ့ ဆရာကြီးရာ … ကျွန်တော်လည်း ဘွဲ့ရပြီး တက္ကဆီမောင်းနေရပေမယ့် ပညာရဲ့တန်ဖိုးတော့ နားလည် ပါတယ်။ ဟယ်လင်ကဲလားကို ကျွန်တော် အားကျပါတယ်”
အလို ဟယ်လင်ကဲလားအကြောင်း သိတဲ့သူဆိုတော့ စာဖတ်သူပေပဲ။ ပိုပြီး လေးစားသွားတယ်။ အဲဒီအချိန်မှာ သမီးလေးက သူ့အဖေဆီက လက်ဖြန့်ပြီး မုန့်ဖိုးတောင်းတယ်။ သူ့အဖေက လက်ခါပြတယ်။ ကလေးက နှုတ်ခမ်းစူပြီး မကျေနပ်သလို လုပ်ပြတယ်။
“ကျွန်တော်တစ်ခုလောက် ပြောပါရစေ … ကျွန်တော် သမီးကို မုန့်ဖိုးပေးချင်တယ် … ရမလား”
အချို့သော မိဘတွေက သူတို့ သားသမီးတွေရဲ့ အားနည်းချက်ကို နှိမ်တယ်ထင်မှာစိုးရိမ်လို့ ခွင့်တောင်းတာပါ။
တက္ကစီဆရာကလည်း “ရပါတယ်” တဲ့ ဒါပေမဲ့ ကျွန်တော် ထုတ်မပေးပါဘူး။
ကျွန်တော်သွားချင်တဲ့နေရာကို ရောက်တော့ ကျွန်တော်က ကားခအပြင် သမီးလေးအတွက် ရည်စူးထားတဲ့ မုန့်ဖိုးကိုပါ ကားခထဲပေါင်းထည့် ပေးလိုက်ပါတယ်။
“သမီးကို ခင်ဗျားကိုယ်တိုင် မုန့်ဖိုးပေးတာ ပိုကောင်းမယ်ထင်လို့ပါ”
“သြော် … ဟုတ်ကဲ့ … ကျေးဇူး”
၂၉.၉.၂၀၁၆



ငါးခုံးမတစ်ကောင်နဲ့ ကျွန်တော်
ကျောင်းဆရာတွေ ကောင်းကြောင်းချည်း ပြောနေတော့ ခြောက်ပြစ်ကင်း သဲလဲစင်လောကလားလို့ မေးမှာပေါ့။ အဲဒီလိုတော့ မဟုတ်ပါဘူး။ အလွန်ခက်ခဲပြီး ပြဿနာရှာတဲ့သူမျိုးတွေလည်း ရင်ဆိုင်ခဲ့ရသဗျ။
ကျွန်တော်က ကျောင်းမတက်တဲ့ ဆရာတွေ ဆရာမတွေကို အရေးယူနေတာကို ရွာက သဘောကျတယ်။ မိဘဆရာအသင်းအနေနဲ့ အုပ်ချုပ်ရေးပိုင်းကို ကိုင်ပြီး ဆရာတွေအတွက်လည်း သက်သာချောင်ချိအောင် အမျိုး မျိုးအားထုတ်ပေး၊ ရပိုင်ခွင့်လေးတွေလည်း မရ,ရအောင် တိုက်ယူပေးနေတော့ အဆင်ပြေလာတယ်။ ရပိုင်ခွင့် ဆိုတာတွေက ဆန်ထောက်ပံ့တာမျိုး၊ မြို့ပြန်တဲ့ ခရီးစရိတ် အခမဲ့၊ နေထိုင်စရိတ် အဆောင်အခမဲ့ ဆိုတာတွေကို ရွာနဲ့ညှိပြီး စီစဉ်ပေးရတယ်။
ကျောင်းကိုလည်း ကောင်းအောင်လုပ်၊ ဝန်ထမ်းဘဝကိုလည်း မြှင့်တင်တဲ့အနေနဲ့ စည်းကမ်းတွေ ထုတ်ရတယ်။ ဆရာ ဆရာမတွေ ကျောင်းကို ကျောင်းဝတ်စုံ ယူနီဖောင်း (အဖြူ၊ အစိမ်း) နဲ့သာလာရမယ်။ ကျောင်းချိန် သတ်မှတ်ချက်အတိုင်း လက်မှတ်ထိုးရမယ်ဆိုတာတွေ သတ်မှတ်ထားတယ်။ တစ်ရွာလုံးကလည်း ခုမှ ငါတို့ ကျောင်းက ကျောင်းနဲ့ တူလာပြီဆိုပြီး အားပေးကြ၊ ဝမ်းမြောက်ကြ၊ ထောက်ပံ့ကြပါတယ်။
ကျွန်တော်တို့ ရွာမှာက တွဲဘက်အထက်တန်းအထိ ဖွင့်ထားတယ်။ ရွာထဲက ဘွဲ့ရပြီးသားတွေကို တွဲဘက်မှာ ဝင်သင်ပေးဖို့ စည်းရုံးရတယ်။ များသောအားဖြင့် ဘွဲ့ရ ပညာတတ်ပြီးတော့ စီးပွားရေးလုပ်နေကြတာ များတယ်။ တွဲဘက်မှာ ခန့်ထားတဲ့ ဆရာတစ်ယောက်က ကျောင်းမလာတာကြာပြီ။ သူက ဘောဂဗေဒတာဝန်ယူထား ရတာ။ အဲဒီအချိန်က ဘောဂကို အင်္ဂလိပ်လို ပြဋ္ဌာန်းထားတဲ့အတွက် ဝင်သင်ချင်တဲ့လူတွေကလည်း မရှိဘူး။
ဘောဂသင်တဲ့ဆရာက ပိုက်ဆံရှိသတဲ့။ ကျွန်တော် ရောက်ကတည်းက တစ်ကြိမ်မှ မမြင်ရသေးဘူး။ ဒါကြောင့် တစ်နေ့တော့ လူကြီးတွေနဲ့ တိုင်ပင်ပြီးတော့ စာလာသင်ခိုင်းမှ ရတော့မယ်လို့ ဆုံးဖြတ်ကြတယ်။ ကျောင်းကနေ အဲဒီဆရာဆီကို စာထုတ်ပြီးတော့ ခေါ်ခိုင်းရတော့တာပေါ့။
တစ်နေ့ ကျွန်တော် ၈ တန်းမှာ စာဝင်သင်နေတုန်း လူတစ်ယောက်က အခန်းအပြင်ဘက်ကနေ
“ဆရာတင်ညွန့်လား … ကျွန်တော်ရောက်ပြီ” တဲ့။ ကျွန်တော်ကလည်း
“ဘယ်သူလဲ” လို့မေးလိုက်တော့
“ကျွန်တော် ကျော်ခိုင်” တဲ့။
“ကောင်းပြီ ကိုကျော်ခိုင် ခင်ဗျား ရုံးခန်းမှာ စောင့်နေပါ။ ကျွန်တော် စာသင်ပြီး လာခဲ့မယ်”
“ကျွန်တော် အချိန်မရဘူး” တဲ့
“အချိန်မရလည်း ပြန်ဗျာ။ မတတ်နိုင်ဘူး”
ကျွန်တော်လည်း စိတ်ထဲက နည်းနည်းတော့ မျက်သွားတယ်။ ကျွန်တော် စာဆက်သင်ပြီးတော့ အချိန်ပြည့်မှ ရုံးခန်းကိုလာတော့ သူက ထိုင်စောင့်နေတယ်။ ကျွန်တော်က သူ့ကို တွေ့တွေ့ချင်း
“ကိုကျော်ခိုင် ဘယ်တော့ ကျောင်းလာတက်မလဲ” လို့ပဲ တိုက်ရိုက်မေးလိုက်တယ်။ သူက
“ကျွန်တော့် တာဝန် ကျွန်တော် နားလည်တယ်။ အချိန်တန် စာမေးပွဲ ဖြေနိုင်ရင် ပြီးရော မဟုတ်လား”
ကျွန်တော် စိတ်ဆိုးပေမယ့် ဒေါသ မထွက်တော့ဘူး။ သူ့လို လူမျိုးကို စိတ်ဆိုးပြလို့လည်း အလကားပဲ။ ဒါကြောင့်
“ကိုကျော်ခိုင် ကျွန်တော် ကျောင်းမှာ စည်းကမ်းထုတ်ထားတယ်။ ကျောင်းဆရာ ဆရာမတိုင်း မနက် ၈ နာရီခွဲထက် နောက်မကျဘဲ ကျောင်းကို ရောက်ရမယ်။ ညနေ အစောဆုံး ၄ နာရီထိုးမှ ပြန်ကြရမယ်။ ဒါ စည်းကမ်းပဲ”
“စည်းကမ်းကိုင်ရအောင် ခင်ဗျားက ကျောင်းအုပ်လား”
“ကိုကျော်ခိုင် ခင်ဗျား ပြောတာတွေ လွန်နေပြီ။ ကျွန်တော် စိတ်ဆိုးလိမ့်မယ်တော့ မထင်နဲ့။ ကျွန်တော့် အလုပ် ကျွန်တော် လုပ်နိုင်ဖို့၊ ကျောင်းတိုးတက်ရာ တိုးတက်ကြောင်း လုပ်နိုင်ဖို့ ကျွန်တော် ဘာမှ ဂရုမစိုက်ဘူး။ ပြီးတော့ ခင်ဗျား ဒီလိုတွေ ဆရာတစ်ယောက် မပီသစွာ ရိုင်းစိုင်းစွာ ပြောဆိုနေလို့လည်း ကျွန်တော့်စိတ်ထဲမှာ ခံစား နေရလိမ့်မယ်လို့ မထင်နဲ့။ ကျွန်တော့်ကို တာဝန်ခံကျောင်းအုပ်ဆိုပြီးတော့ မြို့နယ်ရုံးက တာဝန်ပေးပြီး လုပ်ခိုင်းထားတာ။ အာဏာပါဝါပြဖို့ လုပ်နေတာ မဟုတ်ဘူး။ အလုပ်ဖြစ်ရေးအတွက် လုပ်ပေးနေတာ။ ဒီတော့ ခင်ဗျား ဆရာတစ်ယောက်ဘဝ ခံယူထားရင် ဆရာတစ်ယောက်လို ကျောင်းပုံမှန် လာပြန်တက်၊ စာပုံမှန် လာပြန်သင် ဒါပဲ”
ကျွန်တော်က သူ့ကို စကားဖြတ်ပြီးတော့ နောက်တစ်တန်း စာဝင်သင်ရတယ်။ ကျွန်တော်တို့ ကျောင်းမှာက ဆရာကနည်းနည်း၊ တွဲဘက်ကလည်းဖွင့်ထားတော့ ဆရာတွေ ပတ်ချာလည်နေအောင် တစ်နေ့လုံး မနားတမ်း သင်ကြရတယ်။ ညနေ ကျောင်းလွှတ်ရင် လူတွေက ပုံကျလုနီးပါး ပင်ပန်းကြရတယ်။
နောက်တစ်နေ့ ကိုကျော်ခိုင် ကျောင်းလာတက်တယ်။ သူ့ပုံကို ပြောရဦးမယ်။ စွပ်ကျယ်အကောင်းစား၊ ခရုတံဆိပ်လုံချည်၊ လည်ပင်းမှာလည်း လက်ညှိုးလုံးလောက် ရွှေဆွဲကြိုး၊ လက်မှာကလည်း ဟန်းချိန်းရော နာရီပါ ဝတ်ထားတယ်။ သူ့ပုံကိုကြည့်လိုက် ဘယ်လိုမှ ကျောင်းဆရာလို့ ပြောနိုင်မှာ မဟုတ်ဘူး။
ကျွန်တော်က ရုံးခန်းကနေ သူ့ကိုတွေ့လိုက်တော့ ဘယ်လိုစိတ်နဲ့ ကျောင်းဆရာ လာလုပ်နေပါလိမ့်ဆိုပြီး တော့ အံ့သြမိတယ်။ ကျွန်တော်က ကျောင်းသန့်ရှင်းရေး ကို “ကိုကျော်ခိုင်ကို သွားခေါ်စမ်း” လို့ လွှတ်လိုက်ရတယ်။
ကိုကျော်ခိုင် ရုံးခန်းကို မကျေမနပ်နဲ့ ရောက်လာတယ်။ သူက ကျွန်တော့်ကို စပြီးတော့
“ကျွန်တော် ဝင်သင်ရမယ့် အချိန်စာရင်း ဘယ်မှာလဲ” တဲ့။
ကျွန်တော်က ဆရာတွေ အားလုံးရဲ့ အချိန်စာရင်းကို နံရံက ဘောပေါ်မှာ ကပ်ထားပြီးသား။ သူ့ကို လက်ညှိုး ထိုးပြလိုက်တယ်။ သူက ကြည့်ပြီးတော့
“အချိန်တွေက ညနေပိုင်းမှပဲ။ ကျွန်တော် ညနေပိုင်းမှ လာတော့မယ်”
“ကိုကျော်ခိုင် … ခဏ … ခင်ဗျားကို ကျွန်တော် ပြောစရာရှိတယ်။ ထိုင်ပါဦး”
သူက မကျေမနပ်နဲ့ ထိုင်လိုက်တယ်။ ဒီတော့မှ သူ့ကို
“ကိုကျော်ခိုင် ခင်ဗျားကို ခေါ်ခိုင်းတာက ပထမအချက်အနေနဲ့ ကျောင်း ကို ကျောင်းဆရာတစ်ယောက် အနေနဲ့ စာသင်ဖို့လာတာ ကျောင်းဆရာ ပီသစွာ အဖြူနဲ့ အစိမ်းပဲ ဝတ်လာဖို့ ပြောချင်လို့။ ခုတော့ နောက်တစ်မျိုးပါ ထပ်ပြောရတော့မယ်။ ကျောင်းကို ဝန်ထမ်းတိုင်း အစိုးရခန့်၊ ရွာခန့်အားလုံး မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ကျောင်းမှာ တာဝန်ထမ်းဆောင်ရမယ်။ အဲဒါ ခြွင်းချက်မရှိဘဲ”
“ဆရာက အရမ်းရစ်တာပဲ … ဒီလိုဆိုရင် ကျွန်တော်လည်း စဉ်းစားရလိမ့်မယ်”
“ကောင်းပြီလေ … ဒါကတော့ ခင်ဗျားသဘောပဲ”
နောက်တစ်နာရီလောက်ကြတော့ ကျောင်းမိဘဆရာအသင်း လူကြီးတွေနဲ့သူက ကျွန်တော့် ရုံးခန်းထဲ ရောက်လာတယ်။ ကျေးရွာ ဥက္ကဋ္ဌက
“ဆရာ ဘယ်လိုဖြစ်တာလဲ။ ကျော်ခိုင်က စာမသင်နိုင်တော့ဘူးလို့ လာပြောနေတယ်”
“ဥက္ကဋ္ဌကြီး အဲဒါ သူ့ကို ဘာကြောင့် စာမသင်နိုင်ရသလဲဆိုတာ မေးရင် ပိုကောင်းမယ်ထင်ပါတယ်”
“ကျွန်တော့်အပေါ် အရမ်းစည်းကမ်းတွေ တင်းကျပ်တာ သဘောမကျဘူး။ ဒါကြောင့် ကျွန်တော် မသင်နိုင်ဘူး ဘကြီး”
“ကိုကျော်ခိုင် ကျွန်တော်တို့ ဝန်ထမ်းဘဝဆိုတာ အထက်အဆင့်ဆင့် စည်းကမ်းဆိုတာ ရှိတယ်။ ပိုဆိုးတာက ကျောင်းဆရာ လောကဖြစ်နေတဲ့ အတွက် သိက္ခာဆိုတာပို အရေးကြီးတယ်။ ကျောင်းဆရာဆိုတဲ့ ဂုဏ်ကို မြှင့်တင်နိုင်အောင် ကျွန်တော်တို့ ကြိုးစားရမှာပဲ။ မြို့နဲ့ဝေးလို့၊ တောမို့လို့ စည်းကမ်းတွေ အလေးထားစရာ မလိုပါဘူး၊ လိုက်နာစရာ မလိုဘူးလို့ထင်ရင် ခင်ဗျား ပညာရေးလောကကိုရော ဆရာလောကကိုပါ စော်ကား ရာရောက်တော့မှာပဲ။ ကျွန်တော့်အပေါ် ခင်ဗျား ပါစင်နယ် မကြိုက်ရင် တိုက်ရိုက်ဝေဖန်နိုင်တယ်။ ကျွန်တော် ဝန်ထမ်းတွေ အားလုံးအပေါ်နဲ့ ကျောင်းအပေါ် ကောင်းရာကောင်းကြောင်း ကြိုးစား လုပ်ဆောင်နေတာကိုတော့ မလျှော့နိုင်ဘူး။ ခင်ဗျား မကျေနပ်ရင် ခင်ဗျားသဘောပဲ။ ကျွန်တော့်ဘက်ကတော့ စည်းကမ်းနဲ့ မညီရင် အရေး ယူမှာပဲ”
သူကဒေါနဲ့ မောနဲ့ ကျောင်းပေါ်ကဆင်းသွားတယ်။ ဥက္ကဋ္ဌကြီးနဲ့ အဖွဲ့က
“ဆရာ … ဆရာ့ဘက်က ကျွန်တော်တို့ ရှိတယ်။ ဆရာ ပြောတာ သဘောကျတယ်။ လက်ခံတယ်။ ဆက်လုပ်ပါဆရာ။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးတော့ အပုပ်မခံပါနဲ့။ ကိစ္စမရှိဘူးဆရာ။ ဆရာ မြို့ကို သွားပြီး ဆရာတစ်ယောက် စိတ်ကြိုက်ရှာခဲ့ပါ”
ကြုံရဆုံရ ကျောင်းဆရာဘဝ အဲဒီလို ပြဿနာတွေလည်း ရင်ဆိုင်ခဲ့ရပါသဗျ။
၂၂.၉.၂၀၁၆


Tin Nyunt - former teacher at Bago




No comments:

Post a Comment